29 မတ် 2024 /

See today's Peace Related News

ထန်းတပင်မြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို ပစ်ခတ်ရာ ၈ လအရွယ်ကလေးပါ သေဆုံးခဲ့ဟုဆို

တောင်ငူခရိုင်အတွင်းက ကျေးရွာ အုပ်ချုပ်ရေးမှူး ၂ ဦးအား လက်နက်ကိုင် လူတစ်စုက လိုက်လံပစ်ခတ်ရာတွင် ၈ လသားအရွယ်ကလေး အပါအဝင် ၎င်းတို့နှစ်ဦးလည်း ကျည်ထိမှန်သေဆုံးသွားသည်ဟု ကျေးရွာနေပြည်သူများက ပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာတွင် အုပ်ချုပ်ရေးမှူး ၂ ဦးအား လက်နက်ကိုင်လူတစ်စုမှ ပစ္စတိုသေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာမှာ ယခုကဲ့သို့ ကလေးတစ်ဦးလည်း ထိမှန်သေဆုံးသွားခြင်း ဖြစ်သည်။

အသက် ၄၂ နှစ်အရွယ် ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “ပစ်ခတ်တဲ့အချိန်မှာ ကလေးနဲ့ ကလေးအမေက ပစ်ခံရတဲ့အိမ်နဲ့ တစ်အိမ်ကျော်လောက်က ကွမ်းယာဆိုင်မှာ ကလေးချီပြီး မတ်တပ်ရပ်‌နေတာ။ အဲ့ဒါ ဟိုကပစ်လိုက်တော့ တဆက်တည်းဖြစ်တဲ့အတွက် ကျည်က လမ်းကြောင်းချော်တာလား၊ ဘာလားမသိဘူး ကလေးကို ထိသွားတာ” ဟု ပြောသည်။

ရွာသာယာကျေးရွာ၊ ရွှေဈေးရှိ ကွမ်းယာဆိုင်အနီးတွင် ကားပေါ်မှ ဆင်းလာသော အုပ်ချုပ်ရေးမှူး ၂ ဦးအား ဇန္နဝါရီလ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီ ဝန်းကျင်အချိန်ခန့်၌ လက်နက်ကိုင်လူတစ်စုမှ လိုက်လံပစ်ခတ်ခဲ့ရာ ၂ ဦးလုံးမှာ ပွဲချင်းပြီး သေဆုံးသွားပြီးနောက် ၈ လသားအရွယ် ကလေးငယ်တစ်ဦးမှာလည်း ကျည်ထိမှန်၍ သေဆုံးသွားသည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

သေဆုံးသွားသူ ၂ ဦးမှာ ရွာသာယာ အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်ဝင်းနှင့် လက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်ဆိုသူတို့ ဖြစ်သည်။

အုပ်ချုပ်‌ရေးမှူး အသစ်ဖြစ်သူမှာ ကားပေါ်တွင် သေဆုံးသွားပြီးနောက် အိမ်ထဲသို့ ဝင်ပြေးသည့် အုပ်ချုပ်ရေးမှူးဟောင်းအား နောက်မှ လိုက်လံ ပစ်ခတ်သည့်အချိန်တွင် ကလေးအား ထိမှန်ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

ကူညီဆောင်ရွက်ပေးနေသည့် အမျိုးသားတစ်ဦးအား ကလေးဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ “ခေါင်းကို တစ်ချက်ထဲမှန်ပြီး ဦးနှောက်ထဲဝင်သွားတာ။ ကျည်က အနောက်က ဦးခေါင်းခွံမှာ သွားထောက်နေတာ။ ခေါင်းအတွင်းမှာ ကြက်ခြေခတ်ပုံစံလေးရှိတယ်။ အတွင်းထဲမှာ Cross လေးပေါ့။ ကျည်က ဦးနှောက် ၂ ခု ကြားထဲ ဝင်သွားတာ” ဟု ပြောသည်။

ကျည်ထိမှန်သည့် ၈ လသားအရွယ် ကလေးမှာ မောင်ဘုန်းသူရနိုင်ဟု သိရပြီး ၎င်းတို့မိသားစုမှာ ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာမှ ရွာသာယာကျေးရွာဘက်သို့ စစ်ဘေးရှောင်လာသူများဖြစ်သည်ဟု ကျေးရွာနေပြည်သူများက ပြောသည်။

မောင်ဘုန်းသူရနိုင်အား ကျည်ထိမှန်ပြီးသည့်နောက်တွင် ကူညီဆောင်ရွက်ပေးသူများမှ ထန်းတပင်ဆေးရုံသို့ အချိန်မှီ ပို့ဆောင်ခဲ့ပြီး ထိုမှတဖန် တောင်ငူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

ထို့နောက် တောင်ငူဆေးရုံတွင် ဆေးပစ္စည်းများ မပြည့်စုံသောကြောင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ထပ်မံပို့ဆောင်ခဲ့ရာ လမ်းတွင်သေဆုံးသည်ဟု ကူညီဆောင်ရွက်ပေးနေသည်များက ပြောသည်။

ကူညီပေးနေသူတစ်ဦးက “နေပြည်တော် မရောက်ခင်အထိ ကလေးက အသက်ရှိသေးတယ်။ ကျနော်တို့က Urgent မောင်းတာဆိုတော့ မသိလိုက်ဘူး။ နေပြည်တော်ရောက်တော့ ကလေးက ဆုံးနေပြီ။ နေပြည်တော် အဝင်လောက်မှာ ဆုံးမယ်ထင်တယ်” ဟု ပြောသည်။

ပစ်ခတ်ခံရစဉ် သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်ဝင်းဆိုသူမှာ အုပ်ချုပ်ရေးမှူးတာဝန် မထမ်းဆောင်သည်မှာ စစ်အာဏာသိမ်းစကတည်းကဖြစ်ပြီး စစ်ကောင်စီနှင့် ကင်းရှင်းစွာ နေထိုင်သူဟုလည်း ဒေသခံအချို့က ပြောသည်။

ထို့ကြောင့် ၎င်းပစ်ခတ်ခံရခြင်းမှာ မည်သည့်အကြောင်းအရာကြောင့်ဖြစ်သည်ကို မသိရသေးဘူးဟု ကျေးရွာနေပြည်သူများက ပြောသည်။

ပဲခူးတိုင်းဒေသကြီးတွင် ဒေသတွင်း PDF များ၊ NUG အစိုးရ လက်အောက်ခံ PDF များ၊ မြေအောက်တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့ (UG) များ စသည်အဖွဲ့ များစွာတို့က စစ်ရေးလှုပ်ရှားလျက်ရှိပြီး မည်သည့်အဖွဲ့မှ လုပ်ဆောင်သည်ကို အတည်ပြုနိုင်ရန် သတင်းနှင့် မီဒီယာကွန်ရက် အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

NMG – ပေးပို့သည်။