မြိတ်ခရိုင်အတွင်း အရပ်သားနေအိမ်အချို့ကို မီးရှို့ကာ ရွာသား ၁၅ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီး

0
138

တိုက်ပွဲဖြစ်ပွားခဲ့သည့် မြိတ်ခရိုင် ရှပ်ပုံကျေးရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြပြီးနောက် ရွာသား ၁၅ ဦးခန့်ကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြိတ်ခရိုင်၊ ပုလာမြို့နယ်၊ ရှပ်ပုံကျေးရွာ၊ စံပြရပ်ကွက်နှင့် အောင်မင်္ဂလာလမ်းတို့ရှိ နေအိမ် ၃ ဆောင်ကို ဇန္နဝါရီလ ၁၉ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။

အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက “သတင်းပေးတွေ လက်ညှိုးထိုးပြီး လိုက်ပြတဲ့အိမ်တွေကို ရွေးပြီး တမင်သက်သက် မီးရှို့လိုက်တာပါ။ ဒီနေ့မနက်ပိုင်းအထိ ဖမ်းထားတဲ့သူတွေကို ပြန်မလွှတ်မပေးသေးဘူး ကြွက်မနိုင် ကျည်ကိုမီးနဲ့ရှို့တဲ့ပုံစံ လုပ်နေကြတာ” ဟု ပြောသည်။

နှစ်ဖက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်မှ သေနတ်များဖြင့် တဖက်သတ် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ထိုနေ့ နေ့လည်ပိုင်းတွင် ရွာသား ၁၅ ဦးခန့်ကို PDF များနှင့် ဆက်စပ်မှုရှိနေသည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်အများအပြားကိုလည်း ဖောက်ထွင်းကာ တန်ဖိုးကြီးပစ္စည်းများကိုပါ ယူဆောင်ခဲ့ကြသေးသည်ဟု ဒေသခံများက ဆိုသည်။

အလားတူ ဇန္နဝါရီလ ၁၆ ရက်နေ့တုန်းကလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ကျေးရွာအတွင်း ရွာသားများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ထို့အပြင် ဇန္နဝါရီလ ၁၆ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး နောက်ရက်များတွင် ပုလောချောင်းဝ၌ ရေတပ်သင်္ဘောနှစ်စီးဖြင့် ပိတ်ဆို့ထားပြီး ထွက်ပြေးတိမ်းရှောင်ကြသည့် လှေများနှင့် ငါးဖမ်းလှေများကို ထွက်သွားခွင့်မပြုပဲ ပိတ်ထားသည်ဟု ဆိုသည်။

တိုက်ပွဲများကြောင့် ရွာသားအချို့က အချိန်မှီ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ကြသော်လည်း အချို့မှာ ကျေးရွာအတွင်း ပိတ်မိနေကြစဲဖြစ်ပြီး ယမန်နေ့က နေအိမ်မီးရှို့ဖျက်ဆီးခြင်းခံရသည့် မိသားစုဝင်များမှာလည်း စားဝတ်နေရေးအတွက် အခက်အခဲများရှိနေကြသည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် ကျေးရွာပြင်ပ အနီးတဝိုက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရှိနေပြီး ကျေးရွာအတွင်း၌လည်း စစ်ကောင်စီတပ်ဖွဲ့များ ရှိနေခြင်းကြောင့် တိုက်ပွဲများ မဖြစ်သေးသော်လည်း နှစ်ဘက် စစ်ရေးတင်းမာမှုများ ရှိနေသောကြောင့် တိုက်ပွဲများ ထပ်ဖြစ်လာမည်ကို ရွာသားများက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကလည်း ပုလောမြို့နယ်ရှိ တပို၊ တန်းရှင်း၊ သင်္ကန်းတောကျေးရွာများမှ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးသွားခဲ့သည်ဟု ဒေသခံ KPDF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here