ထီးလင်းမှာ NLD ထောက်ခံသူအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီ သတ်ဖြတ်

0
141

မကွေးတိုင်း ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထောက်ခံသူ သားအမိနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၈) ရက်နေ့က ပဇင်းချောင်းရွာသူ ဒေါ်ဝင်းစိန်နဲ့ အသက် (၁၇) နှစ်အရွယ် သမီးဖြစ်သူ မစုဒါလီတို့ကို ဝါးရင်းချိုင်ကျေးရွာ လမ်းခွဲအနီးမှာ ဖမ်းဆီးသတ်ဖြတ်ပြီး ဓာတ်ဆီလောင်းမီးရှို့ခဲ့တာပါ။

အသတ်ခံလိုက်ရသူတွေဟာ ကာကွယ်ရေးအဖွဲ့တွေနဲ့ မနီးစပ်သလို နွေဦးတော်လှန်ရေးမှာ ပါဝင်ပတ်သက်တာတွေ မရှိပေမယ့် NLD ပါတီထောက်ခံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သတ်ဖြတ်ခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၀) ရက်နေ့က ပလုံတွီကျေးရွာကို စစ်ကြောင်းထိုးချိန်မှာ ဖမ်းဆီးခံရသူတွေထဲက ဦးမောင်ဌေးနဲ့ ဦးဌေးဝင်းတို့ နှစ်ဦး သေဆုံးခဲ့ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကိုလည်း မြို့ပြင်မှာ မီးရှို့ပြီး အလောင်းဖျောက်ခဲ့ပါသေးတယ်။

ဒီနေ့ ဒီဇင်ဘာလ (၃၁) ရက်နေ့မှာလည်း ထီးလင်းဝက်လက်မကျေးရွာမှာ စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ နင်းမိုင်းကို ကျောင်းသားတစ်ဦး နင်းမိပြီးနောက် ခြေထောက်ဆုံးရှုံးရနိုင်တဲ့ အခြေအနေထိ ဒဏ်ရာပြင်းထန်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထီးလင်းမြို့နယ် ထွေအုပ်ရုံးထဲမှာ ဒေသခံ (၂၀) ကျော်ကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထားပြီး သူတို့တွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်သတ်ဖြတ်ခံရပြီး ကျဆုံးခဲ့သူ (၃) ထောင်နီးပါးရှိနေပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here