“အစုလိုက်အပြုံလိုက်လူမျိုးတုံးသတ်ဖြတ်တဲ့ လူယုတ်မာတွေကို မကုပေးလိုပါဘူး။ တော်လှန်ရေးလည်း လုပ်နေတာဖြစ်တဲ့အတွက် သူတို့ကို ကုပေးစရာအကြောင်းလည်း မရှိပါဘူး။ အကြောင်းရင်းဖြစ်လာခါကျတော့ ကျနော်တို့ အကြောင်းနဲ့အကျိုးကို တွက်ပြီး လုပ်ပေးရတဲ့သဘောဖြစ်တယ်” CDM ဒေါက်တာ O(အို)

0
218

မိုဆိုဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ စစ်သုံ့ပန်း ၄ ဦးကို ဆေးကုသမှုပေးနေတဲ့ CDM ဒေါက်တာ O(အို) နဲ့ တွေ့ဆုံမေးမြန်းခြင်း

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ ကုန်းသာကျေးရွာတိုက်ပွဲအတွင်း KNDF မှ စစ်ကောင်စီတပ် တပ်မ ၆၆လက်အောက်ခံ သုံ့ပန်း လေးဦးကို ဒဏ်ရာတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် မိုဆိုကျေးရွာအနီး အစုလိုက်အပြုံလိုက် မီးရှို့ခံရတဲ့ ရုပ်အလောင်းတွေကို ခွဲစိတ်စစ်ဆေးခဲ့တဲ့ CDM ဒေါက်တာ O(အို) နဲ့ ဆေးဖက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့က အဲ့ဒီ သုံ့ပန်း လေးဦးရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကို ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ မိုဆိုကျေးရွာအနီး အစုလိုက်အပြုံလိုက် မီးရှို့တဲ့ဖြစ်စဉ်မှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ တပ်မ ၆၆ လက်အောက်ခံ ခမရ (၁၀၈) ဓနုဖြူအခြေစိုက်တပ်ရင်းက တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၂ ဦးနဲ့ တပ်သား ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

မိုဆိုဖြစ်စဉ်မှာ ကျူးလွန်ခဲ့တဲ့ တပ်ရင်းက ဖမ်းဆီးရမိတဲ့သုံ့ပန်းတွေရဲ့ ထိခိုက်ဒဏ်ရာတွေကို ကုသပေးနေသလို အကျဉ်းသားကုသမှုအပိုင်းမှာလည်း ဆောင်ရွက်နေတဲ့ ဒေါက်တာ O နဲ့ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဆရာ့အကြောင်းကို မိတ်ဆက်ပေးပါအုံးရှင့်။

ဖြေ။ ။ ကျနော်က ဒေါက်တာ O ပါ။ CDM ဆရာဝန်တစ်ယောက်ဖြစ်တယ်။ ကရင်နီပြည်ရောက်တာတော့ တစ်နှစ်ကျော်ပြီ။ ကျနော်အရင်ကတော့ ရဲဘော်ကော လူနာကော စစ်ရှောင်ပြည်သူကော ကုသပေးတဲ့အပိုင်းလုပ်ခဲ့တယ်။ အခုကတော့ KSCC Health မှာ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ကော Doctor Socicety of Karenni လို့ ခေါ်တဲ့ ဆရာဝန်အစည်းအရုံးရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ကော စစ်ရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ကုသစောင့်ရှောက်မှုပေးနေတယ်ပေါ့နော။ ဆရာဝန်ဖြစ်တဲ့သက်တမ်းကတော့ ကျနော် ဘွဲ့ရတာ ၆နှစ်ကျော်ပြီး အစိုးရဆေးရုံကတော့ လုပ်သက်တစ်နှစ်ကျော်လောက်လုပ်ခဲ့တယ်။

မေး။ ။ ကရင်နီပြည်ကို ဘယ်အချိန်က ရောက်ရှိလာတာလဲ။

ဖြေ။ ။ ဒီက စစ်ရှောင်ကူညီရေးကွန်ယက်က သူငယ်ချင်းတစ်ယောက်ရှိတယ်ပေါ့။ ဒီဖက်မှာတိုက်ပွဲတွေဖြစ်ကြတယ် ဆေးရုံဆေးခန်းလည်းပိတ်ထားကြတယ်။ ပြည်သူလူထုကော စစ်ရှောင်ကော အခက်အခဲတွေဖြစ်ကြတယ် တော်လှန်ရေးရဲဘော်တွေအတွက်လည်း အခက်ခဲဖြစ်တော့ ကုသပေးဖို့ ဖိတ်ကြားချက်အရကော ကျနော်ကိုယ်တိုင်လည်း လာချင်တဲ့ဆန္ဒအရကော ထွက်လာပြီးတော့ မနှစ်ကရောက်ရှိပြီးတော့ အခုထိကုသနေခဲ့တယ်ပေါ့နော။

မေး။ ။ လက်ရှိမှာ ဆရာ့အနေနဲ့ KNDF က တိုက်ပွဲအတွင်း ဖမ်းဆီးမိတဲ့ ဒဏ်ရာရ စစ်သုံ့ပန်းတွေကို ဆေးကုသမှုပေးနေတယ်လို့ သိရတယ်။ အခြေအနေလေး ပြောပြပေးပါအုံးရှင့်။

ဖြေ။ ။ကျနော်တို့က သုံ့ပန်းဖမ်းမိတယ်ပေါ့နော။ စစ်ကောင်စီက ကျနော်တို့ ကျောင်းသားပဲဖြစ်ဖြစ် ဆန္ဒပြပြည်သူမိရင်တောင်မှ သူတို့ မတရားနှိပ်စက်တယ်။ သတ်ဖြတ်တယ်။ လူ့အခွင့်အရေးနဲ့ ချိုးဖောက်တယ်ပေါ့နော။ အမျိုးသမီးမပြောနဲ့ အမျိုးသားချင်းမုဒိမ်းကျင့်တယ်ဆိုတဲ့ကိစ္စမျိုးတောင်မှ ဒီလိုမျိုးရက်စက်ယုတ်မာတဲ့ စစ်တပ်ကတော့ ကျနော်တို့ဒီပြည်သူလူထုနဲ့ ရဲဘော်တွေကို ဒီလိုဖမ်းဆီးတယ်။ သတ်ဖြတ်တယ်။ ဒါပေမယ့် ဒီရဲဘော်တွေကျတော့ အရှင်ဖမ်းမိတာပေါ့နော။ အရှင်ဖမ်းမိတော့ ဒီဖက်က ကျနော်တို့ ဒီတော်လှန်ရေး မူအရတော့ သူတို့ကို သုံ့ပန်းလိုပဲဆက်ဆံတယ်။ လူ့အခွင့်ရေးမချိုးဖောက်ဘူး။ သူတို့ကို မသတ်ဖြတ်ဘူးပေါ့။ တိုက်ပွဲအတွင်းမှာတိုက်ရင်း ကျဆုံးသွားတယ်ဆိုရင်တော့ ဒါကပြသာနာမရှိဘူး။ ။ အရှင်ဖမ်းမိတဲ့သူကျတော့ ကျနော်တို့မသတ်ဘူးပေါ့။ ပစ်ခတ်ရင်းနဲ့ သူတို့မှာဒဏ်ရာရရှိလာတာ ရှိတယ်ပေါ့နော။ ၃ ယောက်ပေါ့။ တစ်ယောက်ကတော့ လက်သန်းပဲပြတ်တယ်ပေါ့။ နောက်တစ်ယောက်က လက်နှစ်ချောင်းပြတ်တယ် ပွန်းပဲ့ဒဏ်ရာရတယ်ပေါ့။ နောက်တစ်ယောက်ကတော့ လက်ဖျံရိုး ကြိုးထွက်သွားတယ်ပေါ့နော သေနတ်ကျည်ဆံမှန်ပြီးတော့။

မေး။ ။ ဆရာ့အနေနဲ့ ဒဏ်ရာရသုံ့ပန်းတွေကို ဘာကြောင့် ကုသဖြစ်တာလဲ။

ဖြေ။ ။ ဆိုတော့ ဘာလို့ကျနော်တို့ ဒီလိုမျိုးကုသမှုပေးလည်းဆိုတော့ ကျနော်တစ်ယောက်တည်းအရဆိုရင် မကုသချင်ဘူး။ ပြည်သူလူထုကို နှိပ်စက်တယ်။ ဒီလို အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ တပ်ရင်းကလည်း ဖြစ်တယ်။ စစ်တပ်ရဲ့ လက်ပါးစေတွေလည်း ဖြစ်တယ်။ ဒီလိုမျိုး သူတို့ကို နှိပ်စက်နေတဲ့ စစ်ကောင်စီဖက်က တပ်သားတွေကို ကျနော်တို့ တော်လှန်ရေးလုပ်နေတဲ့သူမှန်သမျှ ဘယ်သူမှတော့ မကုသချင်ဘူး။ ဘယ်ဆရာဝန်ဘယ်သူနာပြုမှလည်း စေတနာမရှိဘူး။ ဒါပေမယ့် ဒီဒဏ်ရာတွေ ဒီတိုင်းပဲထားလိုက်လို့ရှိရင် ဒီလူတွေက ပိုးစိပ်ဝင်သွားမယ်။ သွေးထွက်လွန်သွားမယ်။ အခန့်မသင့်ရင် တစ်ဖြည်းဖြည်းနဲ့ သေသွားနိုင်တယ်။ သေသွားလို့ရှိရင် ကျနော်တို့က မိုဆိုဖြစ်စဉ်မှာ ဒီတပ်ရင်းက ဒီတပ်ကလူတွေပါတယ်ပေါ့နော။ သူတို့ကို ကျနော်တို့က သက်သေအနေနဲ့ လိုအပ်တယ်ပေါ့။ သက်သေအနေနဲ့ စစ်ခုံရုံးတွေမှာ ထွက်ဆိုတဲ့အခါမှာ သူတို့ရဲ့ ထွက်ဆိုချက်တွေလည်း တစ်ကဏ္ဍအနေနဲ့ ပါဝင်စေချင်တယ်။ ပါဝင်လာမယ်။ မျက်မြင်သက်သေထွက်ဆိုချက်မှာတော့ သူတို့ကိုယ်တိုင်ကျူးလွန်ထားတဲ့ ဒီတပ်ကတပ်ရင်း အရှင်ဖမ်းမိထားတဲ့ စစ်သားတွေသည် သက်သေအနေနဲ့ ကျနော်တို့ လိုချင်တယ်။ ဒီတိုင်းထားလိုက်ရင်တော့ ပိုးစိပ်ဝင်သွားမယ်။ သေသွားမယ်။ သွေးထွက်လွန်သွားမယ်။ ဒါတွေဖြစ်နိုင်တယ်ပေါ့။ ဘယ်သူ့မှမကုချင်ပေမဲ့ ကျနော်တို့ကတော့ ဘာလို့ကုပေးရလည်းဆိုတော့ သူတို့ကိုသက်သေအနေနဲ့ စစ်ခုံရုံးတင်နိုင်အောင်လို့ နိုင်ငံတကာ စစ်ခုံရုံးအထိ ဒီကျနော်တို့တော်လှန်ရေးပြီးတဲ့အခါမှာ တော်လှန်ရေးအတွင်းမှာကော ဒါကိုသက်သေအနေနဲ့ လုပ်နိုင်အောင်လို့ သူတို့ကို အသက်ရှင်ဖို့လိုတယ်ပေါ့နော။

KNDF ရဲဘော်တွေဒီဗဟိုကနေပြီးတော့ ရဲဘော်တွေကော ကျန်းမာရေးတာဝန်ခံကနေတဆင့် ကျနော့်ကို ဆက်သွယ်ကူညီတောင်းတဲ့ခါကျတော့ အကျဉ်းသားကုသရေးမှာလည်း ကျနော်တာဝန်ယူပေးထားတာရှိတော့ ကုသတယ်ပေါ့နော။ စိတ်ရင်းဆန္ဒအရတော့ ကျနော်ကတော့ မကုသလိုဘူး။ ဒါပေမယ့် ကျနော်တို့လူနာကို လူနာသည် ကျနော်ရန်သူမိတ်ဆွေအသားအရောင် ဘာသာ၊လူမျိုးမခွဲခြားပဲ ကူရမယ်ဆို ဆရာဝန်ကျင့်ဝတ် Ethics အရတော့ လူနာအဖြစ်နဲ့ ရောက်လာပြီဆိုရင်တော့ လူနာအဖြစ်နဲ့ဆက်ဆံတယ်။ လူနာတစ်ယောက်ကို ပေးသင့်ပေးထိုက်တဲ့ ကုသမှု ခွဲစိတ်မှု အသက်မသေအောင် လုပ်တဲ့ဟာမျိုး သောက်ဆေးကအစပေးတယ်။ ကျနော်တို့ကိုယ်တိုင်ကြည့်တယ်ပေါ့နော။ ကျနော့် အခန်းကထွက်သွားရင်တော့ သူတို့ စစ်ကောင်စီကဖမ်းမိထားတဲ့ လူထုအပေါ်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်သား ၃ ယောက်ပဲ ကျနော်တို့က ဒီလိုပဲမှတ်တယ်။ ခွဲခန်းရောက်ရင်တော့ လူနာပဲ။

မေး။ ။ သူတို့ကို ဆေးကုသပေးတဲ့အချိန်မှာ ဆရာ့ရဲ့ စိတ်ခံစားချက်ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျနော့်တစ်ဦးတစ်ယောက်ဆန္ဒဆိုရင် စေတနာမရှိပါဘူး ကုလည်းမကုပေးလိုပါဘူး။ ဒါက ကျနော့်တစ်ဦးတစ်ယောက်ဆန္ဒပြောတာပေါ့။ သက်သေလိုတာရတယ် လူနာတစ်ယောက်အနေနဲ့ အသက်ရှင်မှ ဒီလူတွေအသက်ရှင်မှ စစ်ခုံရုံးတင်နိုင်မယ်။ သက်သေတွေရမယ် တပ်မ ၆၆ရဲ့ တပ်သားက သက်သေလုပ်ရမယ်ဆိုရင် ဒီလူ အသက်ရှင်မှပဲ။ ကျနော့်ဆေးရုံဆေးခန်းလာရင် Ethics အရ တာဝန်အရ ကုပေးလိုက်တယ်။ တစ်ဦးတစ်ယောက်အရဆိုရင်တော့ အစုလိုက်အပြုံလိုက်လူမျိုးတုံးသတ်ဖြတ်တဲ့ လူယုတ်မာတွေကို မကုပေးလိုပါဘူး။ တော်လှန်ရေးလည်း လုပ်နေတာဖြစ်တဲ့အတွက် သူတို့ကို ကုပေးစရာအကြောင်းလည်း မရှိပါဘူး။ အကြောင်းရင်းဖြစ်လာခါကျတော့ ကျနော်တို့ အကြောင်းနဲ့အကျိုးကို တွက်ပြီး လုပ်ပေးရတဲ့သဘောဖြစ်တယ်။

မေး။ ။ လက်ရှိ စစ်သုံ့ပန်းတွေကို ဆေးကုသမှုပေးတဲ့အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ တစ်ယောက်ကတော့ အရိုးနှစ်ချောင်းလုံး ကျိုးသွားတယ်။ ကျည်ဆံဖောက်ဝင်သွားတယ်။ သူကတော့ ဆက်လက်ခွဲစိတ်ကုသဖို့ပေါ့နော လိုအပ်တယ်ပေါ့နော။ သွေးထွက်ထားတဲ့ဟာကနေ ရောင်ကိုင်းနေပြီးတော့ ပိုးဝင်တဲ့ဟာတွေ လက္ခာဏာရှိတယ်ပေါ့နော။ ပိုးသတ်ဆေးတွေပေးပြီးတော့ ကုနေပေမဲ့ အနာကတော့ ပြန်ပြီးတော့ ခွဲစိတ်ဖို့ လိုအုံးမယ်ပေါ့နော။ ၁ ခေါက်၊ ၂ ခေါက်၊ ၃ ခေါက်စသဖြင့် လိုအုံးမယ်ပေါ့နော။ စတီးချောင်းထည့်တာတို့ဘာတို့ ကျနော်ဒီဖက်လုပ်ပေးနိုင်တဲ့ အနေအထားမျိုး မဟုတ်ဘူးပေါ့နော။ ကုန်ကျစရိတ်လည်း အင်မတန်များသလို ပစ္စည်းတွေလည်း သယ်ဖို့မလွယ်တဲ့ကိစ္စဖြစ်တဲ့အတွက် ဒါကတော့ စတီးချောင်းထည့်ပြီး ပြန်ဆက်လို့တော့မရဘူး။ လိုအပ်ရင်တော့သူက အနာမှလုံးဝမကောင်းရင်တော့ ဖြတ်ကောင်းဖြတ်ရနိုင်တယ်။ အဲအနာတဖြည်းဖြည်းနဲ့ သန့်စင်လာတယ် ကောင်းလာတယ်ဆိုရင်တော့ အရိုးကိုကျောက်ပတ်တီးနဲ့ထိန်းပြီး ကျနော်တို့ပြန်ဆက်ဖို့စောင့်ရမဲ့အနေထားမျိုးရှိတယ်။ တစ်ယောက်ကျတော့ ဆက်လက်ကုသအုံးမယ်။ ကျန်တဲ့ ၂ ယောက်ကတော့ ရက်ပိုင်းလောက်တော့ ကြာအုံးမယ်ပေါ့ဗျ။ ကျနော်တို့ ဒီဖက်ကပုံမှန်ကုသပေးဖို့လည်း လိုအပ်တယ်ပေါ့။

မေး။ ။ သုံ့ပန်းတွေကို ဆေးကုသမှုပေးတဲ့အခါ သူ့တို့ဆီက ဘယ်လိုတုံ့ပြန်မှုတွေရှိလဲ။

ဖြေ။ ။ တစ်ယောက်က တန်းလက်မြှောက်တယ်ပေါ့နော။ ဒါတောင်မှ သူကလက်သန်းထိသွားသေးတယ်ပေါ့နော တိုက်ပွဲအတွင်းဆိုတော့။ သူကတော့ ဘာမှတော့ပြောတာမရှိဘူးပေါ့နော။ အသက် ၄၀ တစ်ယောက်ကတော့ သူဒါတွေပြီးရင်တော့ သူလျော်ကြေးပေးပြီး စစ်တပ်ကထွက်မယ်ပေါ့နော။ ဒီတော်လှန်ရေးပြီးသွားရင် သူအားလုံးချုပ်နှောင်လွတ်တဲ့တစ်ရက်မှာ ဒီလိုမျိုးတော့သူပြောတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ဘာမပြောဘူး။ နည်းနည်းစကားနားမလည် သိပ်နားမလည်တဲ့ပုံပါပဲ လူကလည်း ကြောင်တောင်တောင်နဲ့ပေါ့နော။ နည်းနည်းဆေးသုံးထားတဲ့ ပုံစံမျိုးပေါ့ ကြောင်တောင်တောင်ဖြစ်နေတာတော့ ရှိတယ်။ ဒါပေမယ့် အခုတော့ တည်ငြိမ်သွားပါပြီ။ သူကတော့ ဘာမှမပြောဘူးပေါ့နော။ တစ်ယောက်ကတော့ သူတို့ဒါကြီးပြီးရင်တော့ လျော်ကြေးပေးပြီး ထွက်မယ်ပေါ့နော် ဒါမျိုးပြောတာတော့ ရှိတယ်ပေါ့နော။

နော်ဒွေးအယ်ခူ ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here