သရက်ချောင်းမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရတာကြောင့် ၆ ဦးသေဆုံး

0
162

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ကျေးရွာ၊ ပြည်ထောင်စုကားလမ်းမပေါ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ထားဝယ်ဘက်ကနေ ပုလောဘက်ကို ဆင်းလာတဲ့ တပ်အင်အား ၇၀ ကျော်ပါတဲ့ စစ်ကား ၃ စီးကို ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က မိုင်း ၃ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် စစ်ကားတစ်စီးထိမှန်ခဲ့ပြီး ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၁၀ ဦးနီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရတာကြောင့် သေဆုံးသွားတဲ့ စစ်ကောင်တပ်ဖွဲ့ဝင်ကို ဝဲရစ်ကျေးရွာ စာသင်ကျောင်းမှာ ထားရှိပြီး ဒီဇင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းမှာတော့ လာရောက်ကောက်ယူသွားမယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၂၉ ရက်နေ့ မနက်ကစပြီး ဝဲရစ်ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်ပြီးနောက် ဒေသခံနေအိမ် ၇ လုံးကိုလည်း ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

သရက်ချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here