ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ဆက်သွယ်မေးမြန်းချက်
၂၁ ဒီဇင်ဘာ ၂၀၂၁
ချင်းပြည်နယ် တီးတိန်မြို့ကနေ မိုင် ၃၀ လောက်ဝေးတဲ့ ဂေါ်ဆင်းကျေးရွာအနီးမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဇိုမီး တော်လှန်ရေးတပ်မတော် ZRO/ZRA နဲ့ ချင်းအမျိုးသားတပ်ဦး CNF/CNA၊ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။ ဒါဟာ ZRA နဲ့ CNF/CNA၊ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တို့အကြား ပထမဆုံးကြိမ်ဖြစ်ပွားတဲ့တိုက်ပွဲလည်း ဖြစ်ပါတယ်။
ချင်းတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းအကြားမှာ ဘာကြောင့်တိုက်ပွဲတွေ ဖြစ်လာရတာပါလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ဒီဇင်ဘာလ ၁၇ ရက်နေ့က တီးတိန်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေ ရှင်းပြစေချင်ပါတယ်။ ဘာကြောင့် တိုက်ပွဲဖြစ်ပွားရတာပါလဲ။
ဖြေ။ ။ ဒီဇင်ဘာ ၁၇ မှာ ကျနော်တို့ CNA နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDF-Hualngo, Zoland PDF,ZNDF ပူးတွဲပြီးတော့မှ တဖက် ZRO နဲ့ ကျနော်တို့လှုပ်ရှားနယ်မြေအတွင်းမှာ တိုက်ပွဲတစ်ခုဖြစ်ခဲ့တာ မှန်ပါတယ်၊ အဲဒီလိုတိုက်ပွဲ ဖြစ်ရတဲ့ အကြောင်းရင်းခံက ဟားခါးစစ်ဗျူဟာနဲ့ ZRA နဲ့ကြားမှာသော်လည်းကောင်း ပြီးတော့ တီးတိန်အခြေစိုက်တဲ့ စစ်ကောင်စီနဲ့ ZRA ကြားမှာသော်လည်းကောင်း၊ ထိတွေ့ဆက်ဆံမှုတွေရှိတယ်။ ကျနော်တို့ CNA နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကို ချေမှုန်းဖို့ဆိုတဲ့ CDM ဝင်လာတဲ့ သတင်းထဲက ကြားသိရပါတယ်၊ အဲဒါကြောင့် ဒီဇင်လာ ၁၇ မှာ သူတို့က ကျနော်တို့လှုပ်ရှားနယ်မြေကို ဝင်လာတယ်လို့ ကျနော်တို့က မှတ်ချက်ပြုပါတယ်။ အဲဒါကြောင့် သူတို့နဲ့ကျနော်တို့ကြားမှာ တိုက်ပွဲတွေဖြစ်ခဲ့တာ ဖြစ်ပါတယ်။
မေး။ ။ အဲဒီတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရော ရှိပါသလား။
ဖြေ။ ။ တိုက်ပွဲစဖြစ်တဲ့ပုံစံကတော့ သူတို့ဖက်ကနေ စပစ်တဲ့ပုံစံဖြစ်ပြီးတော့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို ခုခံပြီးတော့ ကိုယ့်လုံခြုံရေး၊ ကိုယ့်နယ်မြေလုံခြုံရေးအတွက်ဆိုပြီးတော့ ပြန်ပစ်ပြီးတော့ တိုက်ပွဲဖြစ်ခဲ့တာပါ။ သူတို့ ZRO ဖက်ကတော့ ၅ ဦးကျတယ်။ ပြီးတော့ ကျွန်တော်တို့ဖက်ကတော့ အထိအခိုက်တော့ မရှိဘူးပေါ့နော်။
မေး။ ။ ခုလို ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြားမှာ တိုက်ခိုက်မှုတွေရှိလာတာကြောင့် အကျိူးဆက် ဘာဖြစ်လာနိုင်လဲ။ နှစ်ဖက်ဆက်ဆံရေးအခြေအနေက ဘယ်လိုရှိလာနိုင်လဲ။
ဖြေ။ ။ ကျွန်တော်တို့ရဲ့ တဖက်က ဦးတည်ချက်၊ နိုင်ငံရေးခံယူချက်၊ ကျွန်တော်တို့ဖက်က နိုင်ငံရေးဦးတည်ချက်၊ ခံယူချက်အပေါ်မှာ မှုတည်နေပါလိမ်မယ့်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီတခါ နွေဦးတော်လှန်ရေးမှာ၊ ပြည်သူ့တော်လှန်ရေးမှာ စစ်ကောင်စီကို ကျွန်တော်တို့က အမြစ်ပြတ်ချေမှုန်းပြီးတော့ ကျွန်တော်တို့လိုချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုတာဖြစ်တယ်။ ကျွန်တော်တို့ ဦးတည်ချက်နဲ့ ဖီလာဆန့်ကျင်တဲ့ အဖွဲ့အစည်း၊ မည်သည့်အဖွဲ့စည်းကိုမဆို ကျွန်တော်တို့ကတော့ ပြန်ပြီးတော့ ဆန့်ကျင်သွားမှာပဲပေါ့။
မေး။ ။ Zomi Political Coordination Committee/ Zomi Revolutionary Army(Eastern Command) ရဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်တဲ့စာမှာ ဟိုင်မွှလ်ရွာက သင်းအုပ်ဆရာနဲ့ ဂေါ်ဆင်းရွာက ကလေးငယ်ကို CNA တပ်ဖွဲ့တွေက ပြန်ပေးဆွဲသွားတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီကိစ္စ ရှင်းပြစေချင်ပါတယ်။
ဖြေ။ ။ ZRA ဖက်က စွပ်စွဲတဲ့ ကျွန်တော်တို့ဖက်ကနေ ပါစတာတို့၊ ကလေးငယ်တွေ ပြန်ပြေးဆွဲတယ်ဆိုတာက မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ သူတို့အနေအထားကို သိချင်လို့ ဒီပါစတာတစ်ဦးနဲ့ လူငယ်ကိုတော့ ကျွန်တော်တို့ ခေါ်ပြီးတော့ စစ်ဆေးမေးမြန်းတာတွေတော့ ရှိပါတယ်။ နောက်ပြီးတော့ စစ်ဆေးမေးမြန်းပြီးတော့မှ ကျွန်တော်တို့ သူတို့ကို ပြန်ပြီးမှ လွတ်ပေးပါတယ်။ ပြန်ပြေးဆွဲတယ်ဆိုတာက မဟုတ်ပါဘူး။
မေး။ ။ တခြားဘာများ ဖြည့်စွက်ပြောချင်တာရှိပါလဲ။
ဖြေ။ ။ ကျွန်တော်တို့ ချင်းအချင်းချင်းထဲမှာ အဲ့သလိုမျိုးဖြစ်နေတာကတော့ ဝမ်းနည်းတာပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ ဦးတည်ချက်၊ ခံယူချက်နဲ့မတူဘဲ ကျွန်တော်တို့ကို ချေးမှုန်းမယ့် သူတို့ဘက်က အစီအမံတွေရှိရင်တော့ ကျွန်တော်တို့က အတက်နိုင်ဆုံး ဖြိုခွင်းသွားမှာပေါ့နော်။ အဓိကကတော့ ဒီ ကျွန်တော်တို့ အိမ်ကြက်ချင်းခွပ်တာမျိုး ပြီးတော့ စစ်ကောင်စီရဲ့ မှိုင်းမိပြီးတော့ ကျွန်တော်တို့ ငါးကြင်းဆီနဲ့ ငါးကြင်းကျော်တဲ့ပုံစံမျိုးကို ကျွန်တော်တို့က အများကြီး အလေးသတိထားရမှာ ဖြစ်ပါတယ်။ အဲ့တာကို ထပ်ပြီးတော့ အားလုံးက သတိထားကြဖို့ ကျွန်တော်ထပ်ဖြည့်ပြီးတော့ ပြောချင်ပါတယ်။
KMG – ပေးပို့သည်။