ဂိဒုန်တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ၁၀ ခုကျော်ကို နှစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ပြီးကြောင်း KIA ပြောခွင့်ရဆို

0
45
ပုံစာ - KIA ပူးပေါင်းတပ်များကသိမ်းပိုက်ထားသည့်ဂိဒုန်တပ်စခန်း။

ဂိဒုန်တပ်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က နှစ်ရက်အတွင်း အပြီးတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုသည်။

KIA တပ်မဟာ ၅ နယ်မြေ ကဇူးနှင့် မလိယန်ကြားရှိ ဒဘတ်ချောင်းဖျားပိုင်း တောင်ကုန်းတကြောတွင်ရှိသော စစ်ကောင်စီ၏ အရေးပါသည့် ဂိဒုန်တပ်စခန်းအပါ စခန်းပေါင်း ၁၀ ခုကျော်ကို KIA ပူးပေါင်းတပ်များက မေလ ၅ ရက်နေ့က စတင်ပြီး မေလ ၆ ရက်နေ့အထိ နှစ်ရက်အတွင်း အပြီးသတ်ရှင်းလင်း သိမ်းပိုက်လိုက်နိုင်ပြီဟု ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါသည်။

“မနေ့ကတည်းက သိမ်းတယ်။ ဒီနေ့ထိဆိုရင် စခန်းပေါင်း ၁၀ ခုကျော် ရှိမယ်။ ဒီနေ့ထိ ဆက်တိုက်ပဲ။ ဂိဒုန် (Gidon) စခန်းနဲ့ အင်ခမ် (Nhkam) စခန်းကို ဒီမနက် (မေလ ၆ ရက်နေ့) မှာ ရှင်းလင်းရေး လုပ်တယ်။ ပြီးရင် ဒဘတ်ချောင်းမြောက်ဘက် KIA တပ်ရင်း ၃ ထဲက ငါ့ဂယန် (Ngagyang) စတဲ့ အရေးပါစခန်းကြီးတွေကို သိမ်းလိုက်တယ်” ဟု ၎င်းက ပြောသည်။

ကဇူးကျေးရွာနှင့် မလိယန်ကြား အရှေ့ဘက်တောင်ကုန်းတလျှောက်ရှိ အင်ခရမ် (Nhkram) ၊ ကဂမ် (kagam) ၊ ဆမား (Sama) ၊ ငါ့ဂယန် (Nga gyang) ၊ ဂိဒုန် (Gidon) နှင့် တရုတ်နယ်စပ်ရှိ ပုန်းလိန်စသည့် စစ်ကောင်စီ၏ အဓိက အရေးပါသော ဗျူဟာမြောက် ခြေကုတ်စခန်းကြီးများနှင့်အတူ စခန်းကြီး၊ စခန်းငယ် စုစုပေါင်း ၁၀ ခု ကျော်ကို KIA ပူးပေါင်းတပ်များက သိမ်းလိုက်နိုင်ခြင်း ဖြစ်သည်။

စစ်ကောင်စီက တပ်စခန်းများ ဆက်တိုက် လက်လွတ်ဆုံးရှုံးလိုက်ရသည့်တွက် ဂျက်ဖိုက်တာ၊ Y12 စသည့် တိုက်လေယာဉ် ၅ စီးခန့် တစ်ရက်အတွင်း ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ထံက သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အများစု ထွက်ပြေးသွားတာကြောင့် KIA တပ်ဘက်က လိုက်လံ ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးကြီးနော်ဘူက “စစ်တပ်က အရင်လိုပဲ လေကြောင်းကနေပစ်တယ်။ တော်တော်တော့ ခုခံတယ်။ ဒါပေမဲ့ မခုခံနိုင်တော့လို့ အားလုံးထွက်ပြေးသွားတယ်။ ဘယ်ဘက်ထွက်ပြေးသွားကြတယ် မသိဘူး။ အခုလည်း အဲဒီ တောင်ကုန်းတပ်စခန်းတွေကနေ ထွက်ပြေးသွားသူတွေကို လိုက်လံရှင်းလင်းနေဆဲဖြစ်တယ်” ဟု ဆိုသည်။

အင်ခမ် (Nhkram) ၊ ကဂမ်တောင် (Kagam bum) တပ်စခန်းများသည် ယခင်က KIA က စခန်းချနေရာများ ဖြစ်ခဲ့ပြီး လွန်ခဲ့သော ၂၀၁၁ ၊ ၂၀၁၂ ခုနှစ် ကစပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင် ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး အဆိုပါတကြောရှိ တောင်ကုန်းတစ်ခုလုံးကို စစ်ကောင်စီတပ်က တပ်ချနေရာယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် KIA ၏ နောက်ဆုံးလက်ကျန် ဂိဒုန်စခန်းကုန်း (Gidon Post) ကိုပါ စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်း စတေးခံပြီး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်

KIA ဆီက ရယူထားသည့် စစ်ကောင်စီ၏ ဗျူဟာမြောက် တောင်ကုန်းစခန်းကြီးများကို ဆယ်စုနှစ်အကြာ၌ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပြန်တိုက်ခိုက်သိမ်းပိုက် ရယူလိုက်နိုင်တာလည်း ဖြစ်ပါသည်။

လက်ရှိ၌ KIA တပ်မဟာ ၅ ၊ တပ်ရင်း ၃ နယ်မြေထဲက လိုင်ဖောင် (Laihpawng bum) စခန်းကြီးနှင့် စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ထုတ် ရှင်းလင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA သည် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကစပြီး လက်ရှိအချိန်ထိ မြို့ပေါင်း ၅ ခုထက်နည်း သိမ်းပိုက်နိုင်ပြီး စစ်တပ်စခန်းပေါင်း ၈၀ ဝန်းကျင်ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု သိရှိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here