“ငွေကြေးနဲ့ နည်းပညာပိုင်းဆိုင်ရာ အခုချိန်မှာ ငွေကြေးကလည်း အဲလောက်ထိပံ့ပိုးတာမျိုး မရှိသေးဘူးပေါ့နော်။ လွယ်လည်း မလွယ်သေးဘူးပေါ့နော်။ အချိန်မရွေး ကိုယ်ကရှင်းလိုက် ရန်သူစစ်ကောင်စီက အချိန်မရွေး ပြန်လာမြုပ်လိုက်နဲ့ ဖြစ်နေတဲ့ကာလဖြစ်တော့ မလိုအပ်တဲ့နေရာကို မရှင်းဘဲနဲ့ တကယ့်ကို မဖြစ်မနေ လူထုတွေ သွားလာလှုပ်ရှားတဲ့ နေရာလောက်ကိုပဲ ပြန်လာနေဖို့အတွက် စိတ်ချတဲ့နေရာလောက်ကိုပဲ ကျနော်တို့ရှင်းပေးနေခြင်းဖြစ်ပါတယ်” ဦးဗညား – IEC အတွင်းရေးမှူး (၂)

0
42
ပုံစာ - မြေမြှုပ်မိုင်းများ။

ကရင်နီတော်လှန်ရေးတပ်များ သိမ်းပိုက်ထားသောမြို့တွင် ဒေသခံများ နေရပ်ပြန်နိုင်ရေး၊ မြေမြှုပ်မိုင်း ရှင်းလင်းရေးဆောင်ရွက်မှု အခြေအနေတို့နှင့် ပတ်သက်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC အတွင်းရေးမှူး (၂) ဦးဗညားနှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်နီ (ကယား) ပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစု၌ မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်သော်လည်း နေရာအများစုတွင် လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးဟု မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ကိုင်နေသူများက ပြောပါသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မယ်စဲ့၊ ရှားတော၊ မော်ချီး၊ ဒီးမော့ဆို၊ နန်းမယ်ခုံ၊ ရွာသစ်နှင့် မိုးဗြဲ စသည့် မြို့ ၇ မြို့၌ မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်း လုပ်ဆောင်နေပြီဟု ဆိုပါသည်။

ကရင်နီတော်လှန်ရေးတပ်များ သိမ်းပိုက်ထားသောမြို့တို့တွင် ဒေသခံများ နေရပ်ပြန်နိုင်ရေး၊ မြေမြှုပ်မိုင်း ရှင်းလင်းရေးဆောင်ရွက်မှု အခြေအနေတို့ကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး (၂) ဦးဗညားနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ လက်ရှိ ကရင်နီပြည်ထဲက ကရင်နီတပ်ပေါင်းစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေမှာ နေရပ်ပြန်နေနိုင်ဖို့ ခွင့်ပြုထားတဲ့မြို့တွေ ရှိပြီလား။ ဒီလိုပြန်နေနိုင်ဖို့အတွက်က ဘယ်လို အခက်အခဲစိန်ခေါ်မှုတွေ ရှိနေပါလဲ။

ဖြေ။ ။ လက်ရှိအချိန်ထိကတော့ ပြည်သူလူထုကတော့ ပိုမိုစိတ်ချလုံခြုံတဲ့နေရာကိုတော့ ကျနော်တို့ IEC အနေနဲ့ ဒီဒေသမှာရှိတဲ့ ရှိရင်းစွဲလက်နက်ကိုင်အဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ သတ်မှတ်ပေးတာတွေ မဟုတ်ရင်လည်း ပြန်နေခွင့်ပေးတာမျိုးတွေလည်း ရှိပါတယ်။

မေး။ ။ ဆိုတော့ မြို့ပေါ်တွေမှာရော အခြေအနေက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဥပမာဖြင့်ဆို မယ်စဲတို့ပဲပြောပြော၊ ရှားတောတို့ပဲပြောပြော လုံးဝ ဒါတွေက ကျနော်တို့ ထိန်းချုပ်မှု အောက်မှာရှိတဲ့ မြို့နယ်တွေပေါ့။ အဲဒီမှာဆို တဖြည်းဖြည်း ကျနော်တို့ရဲ့စီမံခန့်ခွဲမှုကနေပဲ။ ကျနော်တို့ ထူထောင်ရေးအဆင့်တော့ မလုပ်နိုင်သေးပါဘူး။ ပြန်လည်နေရာချထားရေးပုံစံ စဥ်းစားတယ်။ သို့တည်းမဟုတ် တောထဲက ဝေးနေတဲ့နေရာနဲ့စာရင် နည်းနည်းပိုပြီးမှ လမ်းပန်းဆက်သွယ်ရေး ပိုကောင်းတဲ့နေရာတွေမှာ ရွှေ့လာတာတွေ ပြန်လည်ပြီးတော့မှ နောက်ထပ်ယာယီပုံစံတစ်ခုပေါ့နော၊ နေထိုင်ခွင့်ပေးတာတွေ လုပ်တယ်။

ဒါပေမယ့် မြို့တွေပေါ်ကိုတော့ တချို့မြို့ပေါ်တွေကိုတော့ အကန့်သတ်နဲ့ ပြန်ကြည့်ခွင့်ပေးတာတွေ ရှိတယ်။ တချို့နေရာမှာကတော့ အခက်အခဲတွေ မရှိဘဲနဲ့ အိမ်တွေကို ပြန်ကြည့်လို့ရတဲ့ ပုံစံမျိုးမှာ ရှိပါတယ်။ တူတော့ မတူညီဘူးပေါ့နော်။ မြို့နယ်တခုချင်းစီမှာ လူထုတွေပြန်နေနိုင်အောင်၊ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်နိုင်အောင် တစ်မြို့နဲ့တစ်မြို့ ဒေသတစ်ခုနဲ့တစ်ခု တူညီတာမျိုးတော့ မရှိဘူးပေါ့နော်။

မေး။ ။ အခုလိုမျိုး ဒေသခံတွေ ကိုယ့်နေရပ်ကိုပြန်ပြီး မနေနိုင်သေးတဲ့ အခြေအနေမျိုးအောက်မှာ တချို့က ကိုယ့်အိမ်ကိုပြန်ပြီး ပစ္စည်းတွေ ပြန်သွားယူကြတာတွေရှိတယ်။ ပြန်သယ်ရင်းနဲ့ မြေမြှုပ်မိုင်းတွေ နင်းမိသွားတဲ့ သူတွေရော ရှိပါလား။

ဖြေ။ ။ အကြမ်းဖျင်းကတော့ ကျနော်တို့ ဒီးမောဆိုဘက်ခြမ်း၊ ဖရူဆိုဘက်ခြမ်းမှာကတော့ အိမ်တွေကို သန့်ရှင်းရေး ပြန်လုပ်ရင်းနဲ့ မိုင်းနင်းမိတဲ့သူတွေ ရှိပါတယ်။ ဒါလည်း ကျနော်တို့ သိသလောက် နှစ်ဦးပိုင်း ပထမ ၃ လ ထဲမှာတောင်မှ ဆယ်ဂဏန်းရှိတယ်ပေါ့နော်။ တချို့လည်း သေဆုံးတဲ့အထိ ရှိပါတယ်။

မေး။ ။ လက်ရှိမှာရော ဒီမြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီးတော့မှ မြေမြှုပ်မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေတဲ့ အခြေအနေလည်း သိချင်ပါတယ်။

ဖြေ။ ။ မြေမြှုပ်မိုင်းကတော့ ပုံစံတစ်ခုနဲ့ တစ်ခုကတော့ အတတ်နိုင်ဆုံး ရှင်းကြတယ်ပေါ့နော။ ဒါပေမယ့် ဒီဟာက တကယ့်ကို စနစ်တကျ နိုင်ငံတကာစံချိန်မီ ရှင်းတဲ့ပုံစံ မဟုတ်ဘူးပေါ့နော်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ရှင်းတယ်ပေါ့နော။ ပုံစံနှစ်ခုကတော့ ပထမတစ်ခုကတော့ သက်ဆိုင်ရာတပ်ဖွဲ့ဝင်တွေကနေ သူ့ရဲ့နယ်မြေအလိုက် လူအားနဲ့ရှင်းတယ်။ ဒုတိယတစ်ခုကတော့ စက်ကြီးတွေနဲ့ မြေကိုလှန်ထိုးပြီးတော့မှ ရှင်းတဲ့စနစ်ပေါ့နော်။ အဲဒီနှစ်ခုကတော့ မဖြစ်မနေ နေရာပဲရှင်းပါတယ်။ နေရာတော်တော်များများကိုတော့ မရှင်းနိုင်သေးတာတော့ ရှိပါသေးတယ်။

မေး။ ။ အခုလိုမြေမြှုပ်မိုင်း ရှင်းလင်းဖို့အချိန် ဘယ်လောက်အထိ ကြာနိုင်ပါလဲ။ ပြီးတော့ ဒီလိုမြေမြှုပ်မိုင်း မြန်မြန်ဆန်ဆန်ရှင်းနိုင်ဖို့အတွက် ဘာတွေ အဓိကလိုအပ်ပါလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့ရဲ့ ပြည်နယ်အခြေအနေအရပေါ့နော၊ နောက်ပြီးတော့မှ အခုတိုက်ပွဲစစ်ပွဲဖြစ်တဲ့ မြို့နယ်ရဲ့ သဘောသဘာဝနောက်ပြီး စစ်ကောင်စီတပ်တွေအထိုင်ချတဲ့ သဘောတရားပေါ် ကြည့်ရင်တော့ စဥ်းစားလို့ ရပါတယ်။ ဥပမာအားဖြင့် လွိုင်ကော်မြို့ပေါ်မှာ မြေမြှုပ်မိုင်းကို အနည်းဆုံးကုန်အောင်ဖြစ်စေ ဒါမှမဟုတ် တကယ်ကို အန္တရာယ်ကင်းကင်းရှင်းရှင်း ပြန်နေနိုင်အောင် ရှင်းဖို့အတွက်က အနည်းဆုံးတော့ ၃ လ အနည်းဆုံး အချိန်ယူရမှာပေါ့နော။

ဒီးမော့ဆိုမြို့ကလည်း ထိုနည်းလည်းကောင်းပဲပေါ့နော်။ ၃ လကနေ ၆ လ အကြား အဲဒီ ဝန်းကျင်ကတော့ ကျနော်တို့ အချိန်ယူပြီးတော့မှ ရှင်းဖို့လိုအပ်ပါတယ်။ ဒါပေမယ့် တချို့မြို့နယ် ဥပမာအားဖြင့် ရှားတောမြို့နယ်တို့ မယ်စဲ့မြို့နယ်တို့ ဖားဆောင်းမြို့နယ်တို့ကတော့ ကျနော်ထင်တာ အကယ်၍ နည်းပညာနဲ့ ငွေကြေး လုံလုံလောက်လောက် ရှိမယ်ဆိုရင်တော့ ရက်ပိုင်းနဲ့ လပိုင်းနဲ့ပဲ ရှင်းနိုင်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။

မေး။ ။ အချိန်အားဖြင့်ကရော ဘယ်လောက်ကြာနိုင်ပါလဲ။

ဖြေ။ ။ အဓိကကတော့ စစ်ကောင်စီအများအပြား မြို့ပေါ်မှာသော်လည်းကောင်း ရပ်ကွက်မှာ သော်လည်းကောင်း စခန်းချပြီးတော့မှ မိုင်းခင်းတဲ့ဟာတွေ အနည်းဆုံး ၃ လ ၆ လလောက် အချိန်ယူပြီး ရှင်းလင်း ရမယ်ပေါ့နော။ ဒါပေမယ့် ရပ်ကွက်တွေ၊ ရွာတွေမှာ အခြေမချထားဘူးဆိုရင်တော့ အဲဒီနေရာမှာ ရှင်းရတာ လွယ်တယ်ပေါ့နော်။ အချုပ်အားဖြင့် ပြောရရင်တော့ စစ်ကောင်စီ ဘယ်လောက်ထိ များများအထိုင်ချခဲ့လဲ၊ လူထုရပ်ကွက်တွေ ရွာတွေမှာ ဘယ်လောက်အထိ အခြေချခဲ့လဲပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ ၃ လ ၆ လတော့ အနည်းဆုံး အချိန်ယူရမှာ ဖြစ်တယ်ပေါ့။

မေး။ ။ ဒီလို မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ဖို့ တခြားရော ဘာတွေလိုအပ်နေတာရှိပါလဲ။

ဖြေ။ ။ နောက်တပိုင်းကတော့ ငွေကြေးပါ။ ငွေကြေးနဲ့နည်းပညာပိုင်းဆိုင်ရာ အခုချိန်မှာ ငွေကြေးကလည်း အဲလောက်ထိ ပံ့ပိုးတာမျိုး မရှိသေးဘူးပေါ့နော်။ လွယ်လည်း မလွယ်သေးဘူးပေါ့နော်။ အချိန်မရွေး ကိုယ်ကရှင်းလိုက် ရန်သူက စစ်ကောင်စီက အချိန်မရွေး ပြန်လာမြုပ်လိုက်နဲ့ ဖြစ်နေတဲ့ကာလဖြစ်တော့ မလိုအပ်တဲ့ နေရာကို မရှင်းဘဲနဲ့ တကယ့်ကို မဖြစ်မနေ လူထုတွေသွားလာလှုပ်ရှားတဲ့ နေရာလောက်ကိုပဲ ပြန်လာနေဖို့ အတွက် စိတ်ချတဲ့နေရာလောက်ကိုပဲ ကျနော်တို့ရှင်းပေးနေခြင်း ဖြစ်ပါတယ်။ အခြားတဖက်မှာလည်း နည်းပညာပိုင်းဆိုင်ရာ၊ နိုင်ငံတကာအဆင့် ဘယ်လိုမှ မသွားနိုင်သေးဘူးပေါ့နော်။ နိုင်ငံတကာအဆင့်နဲ့ သွားမယ် ဆိုရင်တောင်မှ အခုလက်ရှိ ကရင်နီပြည်ကိုရှင်းမယ်ဆိုရင် အနည်းဆုံး တစ်နှစ်တော့ အချိန်ယူရလိမ့်မယ်ပေါ့နော်။ အခုကတော့ နည်းပညာ၊ စက်ပိုင်းဆိုင်ရာတွေလည်း အထောက်အပံ့တွေ အများကြီး လိုအပ်ပါတယ်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here