“ ပြည်သူတွေအနေနဲ့လည်း ရေးပတ်ဝန်းကျင်လောက်မှာပဲ ကျော်သွားလို့ရှိရင် စစ်ကောင်စီရဲ့ဂိတ်တွေ မရှိတဲ့အတွက် သူတောင်းစားလို လမ်းမှာ တနေရာဝင်၊ တနေရာထွက် ပေးနေရတဲ့ အခြေအနေတွေ မရှိတာကြောင့် ပြည်သူတွေ စိတ်ချမ်းသာနေရတဲ့ အခြေအနေလေးတွေ ရှိပါတယ်။ ပြည်သူတွေကိုယ်တိုင် ပြောတာလည်း ကြားသိရပါတယ်” နိုင်နဂါး – မွန်ပြည်တော်လှန်ရေးတပ်/MSRF

0
38
ပုံစာ - မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါး

အမှတ် (၈) ပြည်ထောင်စု ရေး – ထားဝယ်လမ်းပိုင်းကို တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့်အခြေအနေ၊ တောင်ပိုင်းဒေသတွင် မြို့သိမ်းစခန်းသိမ်းအဆင့်အထိ ဖြစ်နိုင်ချေရှိနိုင်ပြီလား၊ ဒီအခြေအနေများနှင့် ပတ်သက်ပြီး မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးနှင့် ဆက်သွယ်မေးမြန်းချက်။

တနင်္သာရီတိုင်း၊ အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းဖြစ်သည့် ရေး – ထားဝယ် လမ်းပိုင်းကို မွန်ပြည်တော်လှန်ရေး တပ် MSRF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး နယ်မြေစိုးမိုး ထိန်းချုပ်ထားနိုင်ခဲ့သည်။

မဟာမိတ်တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းကို စစ်ကောင်စီ တပ်က လေယာဉ်နှင့် ကင်းထောက်လှမ်သည့်အပြင် နေ့စဉ်နှင့်အမျှ လက်နက်ကြီး ပစ်ခတ်မှုများကို လုပ်ဆောင် နေသည်။

အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းကို တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် အခြေအနေ၊ စစ်ကောင်စီ အတွက် ဘယ်လောက်အထိ အကျပ်ရိုက်စေပါလဲ။ တခြားဒေသနည်းတူ တောင်ပိုင်းဒေသတွင် မြို့သိမ်းစခန်းသိမ်း အဆင့်အထိ ဖြစ်နိုင်ချေရှိနိုင်ပြီလား။ ဒီအခြေအနေများနှင့် ပတ်သက်ပြီး မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အရင်ဆုံးအနေနဲ့ အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းနဲ့ ပတ်သက်ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က ဘယ်လောက်အတိုင်းအတာအထိ နယ်မြေစိုးမိုးထားနိုင်ပါပြီလဲ။

ဖြေ။ ။ ကျွန်တော်တို့ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ရေး – ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကို အပြည့်အဝထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရပါတယ်။ မတ်လ ၁၃ ရက်နေ့ ဒီလမ်းကို ထိန်းချုပ်ကတည်းက စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေ ဒီလမ်းမပေါ်မှာ မတွေ့ရတော့ပါဘူး။ သို့သော်လည်း လမ်းမကြီးမှာ ၂၄ နာရီ အမြဲတမ်းရှိနေဖို့တော့ အဆင်မပြေဘူး။ ရန်သူက လေကြောင်းနဲ့ ကင်းထောက်နေတယ်။ လေကြောင်းကနေ အချိန်မရွေး တိုက်ခိုက်နိုင်တဲ့အတွက်ကြောင့် ရံဖန်ရံခါလောက်ပဲ စစ်ဆေးမှုတွေ ပြုလုပ်နိုင် ပါတယ်။ သို့သော် ထိန်းချုပ်မှုကိုတော့ ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်တယ်လို့ ပြောလို့ရတယ်။

သို့သော် ကျွန်တော်တို့မရှိတဲ့အချိန်မှာ တလောက မလွှဲတောင်ကို မြေသယ်ကျောက်သယ်ကားကြီးတွေနဲ့ စစ်အင်အား သွားရောက် ပို့ဆောင်တာကို နောက်ပိုင်းမှာ စုံစမ်းတွေ့ရှိရပါတယ်။ အဲဒီလိုတော့ ရှိတယ်။ ခြုံပြီးပြောရမယ်ဆိုရင် မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်တွေက ရေး – ထားဝယ် အမှတ် (၈) လမ်းမကြီးကို ၁၀၀ ရာခိုင်နူန်း အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီး ရန်သူတွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းကို ဒီနေ့အထိ ဖြတ်တောက်ထား နိုင်ပြီလို့ ပြောလို့ရပါတယ်။

မေး။ ။ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းကို စိုးမိုးထားတဲ့အတွက် စစ်ကောင်စီဘက်က ဘယ်လိုမျိုး အကျပ်ရိုက်မှုတွေ၊ သက်ရောက်မှုတွေ ဖြစ်ပေါ်စေပါလဲ။

ဖြေ။ ။ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက အခုလို ပြည်ထောင်စု အမှတ် (၈) လမ်းမကြီးကို ထိန်းချုပ်ထားနိုင်တဲ့အတွက်ကြောင့် စစ်ကောင်စီတပ်တွေက လမ်းကို ရိက္ခာဖြည်တဲ့ကိစ္စတွေ၊ စစ်ကူပေးတဲ့ ကိစ္စတွေ၊ တပ်အပြောင်းအလဲ ကိစ္စတွေမှာ ဒီလမ်းမကြီးကို လုံးဝအသုံးမပြုနိုင်တဲ့ အခြေအနေကို ရောက်သွားပြီ။ ခုနကပြောသလို မလွှဲတောင်ကို စစ်အင်အားဖြည့်တဲ့ ကိစ္စတွေမှာ ကျောက်သယ်ကားကြီးတွေနဲ့ ခိုးကြောင်ခိုးဝှက် ပို့ပေးနေရတဲ့ အခြေနေကို ရောက်နေပါတယ်။ နောက် ရေး ပတ်ဝန်းကျင်မှာရှိတဲ့ တပ်တွေကို အင်အားဖြည့် လက်နက်ကြီးတွေ ပို့ဆောင်ဖို့ ကုန်းကြောင်းနဲ့ ဘယ်လိုမှ မလာနိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက် ရေကြောင်းနဲ့ ပို့ဆောင်နေရတာကို ကျွန်တော်တို့ စုံစမ်းသိရှိရပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် ရန်သူဟာ ရေးနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ တပ်တွေကို အင်အားရိက္ခာ ဖြည့်ဖို့၊ လူပို့ဖို့ အတွက်ကို ရေကြောင်းတစ်ခုတည်းပဲ လုပ်ဆောင် နေရပါတယ်။ ရေးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ တော်တော်လေး အကျပ်ရိုက်နေပါတယ်။ ရေးမြောက်ပိုင်း မှာဆိုရင် အခြားသော PDF တွေလည်း ထိန်းချုပ် ထားတဲ့အပေါ်မှာ သူတို့ရဲ့ ဆက်သွယ်ထောက်ပံ့ရေးလမ်းကြောင်း တပ်တွေလှုပ်ရှားရတဲ့ လမ်းကြောင်းက တော်တော်လေး အခြေနေဆိုးတယ်လို့ ပြောလို့ရတယ်။ ရေကြောင်းလမ်း ကိုသာ နည်းပေါင်းစုံနဲ့ ပိတ်ဆို့စိုးမိုး နိုင်ခဲ့မယ်ဆိုရင် ရန်သူတပ်ကတော့ လေကြောင်းလမ်းတစ်ခုပဲရှိတော့ အဲဒီလို အခြေအနေတွေ ရှိပါတယ်။

မေး။ ။ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က လမ်းမကို စစ်ဆေးတာ၊ စိုးမိုးတာတွေ လုပ်ဆောင်တဲ့အတွက် ခရီးသွားပြည်သူတွေဘက်ကရော တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် ဘယ်လိုမျိုး ယုံကြည်မှုတွေ ရှိနေစေတာပါလဲ။

ဖြေ။ ။ ရန်သူတွေရဲ့ ကုန်းလမ်းပိုင်းဆိုင်ရာ ထောက်ပံ့ပို့ဆောင်မှု၊ သွားလာမှုတွေကို အစွမ်းကုန် ကန့်သတ် နိုင်ခဲ့ပေမဲ့ ပြည်သူတွေရဲ့သွားလာမှုတွေကိုတော့ ချုပ်ခြယ်ထားခြင်း မရှိပါဘူး။ လိုအပ်ချက်အရ စီစစ်မေးမြန်းမှု တွေကိုလည်း ပြည်သူတွေက ကြည်ဖြူစွာ လိုက်လျောပြီးတော့ ပူးပေါင်းပါဝင်ကြပါတယ်။ ပြည်သူတွေက အစားအသောက်တွေလည်း တောင်းစရာမလိုဘဲ ပေးကမ်းသွားတာတွေလည်း ရှိခဲ့တဲ့အတွက်ကြောင့် အထူးပဲ ကျေးဇူးတင်ရပါတယ်။ ဒီလမ်းကြောင်းကို ကြာရှည်စွာ ထိန်းကြောင်းလာနိုင်တာနဲ့အမျှ ပြည်သူတွေရဲ့ ယုံကြည်မှု ကလည်း ပိုပိုများလာတယ်။

အရင်ကလို စစ်ကြောင်းထိုးလာတာဆိုရင် တိုက်ပွဲများ ပြန်ဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်တွေ တဖြေးဖြေး လျော့နည်းလာတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ နောက်ပြည်သူတွေအနေနဲ့လည်း ရေးပတ်ဝန်းကျင် လောက်မှာပဲ ကျော်သွားလို့ရှိရင် စစ်ကောင်စီရဲ့ဂိတ်တွေ မရှိတဲ့အတွက် သူတောင်းစားလို လမ်းမှာ တနေရာဝင်၊ တနေရာထွက် ပေးနေရတဲ့ အခြေအနေတွေမရှိတာကြောင့် ပြည်သူတွေစိတ်ချမ်းသာနေရတဲ့ အခြေအနေလေး တွေ ရှိပါတယ်။ ပြည်သူတွေကိုယ်တိုင် ပြောတာလည်း ကြားသိရပါတယ်။

မေး။ ။ နောက်တစ်ခုက မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က မွန်ပြည်နယ်တောင်ပိုင်းမှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းတွေ၊ ဌာနချုပ်တွေ အမြောက်တပ်တွေကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်တဲ့အဆင့်အထိ ဖြစ်နိုင်ချေ ရှိနိုင်ပြီလား။

ဖြေ။ ။ ရန်သူစစ်ကောင်စီတပ်တွေက နေရာအနှံ့မှာ ရှုံးနှိမ့်မှုတွေ ရှိနေတယ်။ တိုက်ပွဲတိုင်းမှာ အသေအပျောက်တွေ များနေတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ယိုယွင်းပျက်စီးမှုတွေ ရှိတယ်ဆိုပေမဲ့ တိုက်ပွဲနယ်နိမိတ်က ပြောင်းလဲသွားပြီ။ မြောက်ပိုင်းမှာ မဟာမိတ်ညီနောင်သုံးဖွဲ့က အခြေအနေ အကြောင်းကြောင်းကြောင့် တိုက်ပွဲတွေ ဗြုန်းကနဲ ရပ်သွားတဲ့အပေါ်မှာ ကချင်၊ ရခိုင်၊ ကရင်နီဘက်မှာပဲ တိုက်ပွဲကြီးတွေ ရှိနေတယ်။ အဲဒီအပေါ်မှာ စစ်ပန်းအကျဆုံးများနေတဲ့ တပ်တွေကို တောင်ဘက်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ် ဘက်ကိုပဲ ပြောင်းရွေ့လာတာကို တွေ့ရတယ်။ ဒီတပ်တွေက အရင်က အင်အားလျော့နည်းနေတဲ့ ရေးမြို့နယ်တဝိုက်မှာ အင်အားဖြည့်ထားတယ်။

ဟောင်းဝစ်ဇာ အမြောက်ထပ်ပြီးတော့ ဆင်ထားတယ်ဆိုတော့ မြို့သိမ်းတိုက်ပွဲ စခန်းသိမ်းတိုက်ပွဲတွေကိုတော့ ချက်ချင်းဖော်ဆောင်နိုင်မှာ မဟုတ်သေး ဘူး။ အခွင့်အခါကောင်းတစ်ခုကို စောင့်နေရတယ်။ အခုတပ်ရင်းတွေမှာ ရန်သူတွေအများကြီး ဖြည့်ထားတယ်။ လက်နက်ကြီးတွေကိုလည်း ရေကြောင်းက ၁၂၀ မမတို့ ဟောင်းဝစ်ဇာ အမြောက်ကြီးတွေနဲ့ စမ်းသပ်ပြီး ပစ်နေတာ တွေ့ရတယ်။ စခန်းသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲကတော့ အခြေအနေပေးရင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ သို့သော် လွယ်တော့မလွယ်သေးဘူးလို့ ပြောချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အားမလျော့ပါဘူး။ ပြည်သူတွေရဲ့ ထောက်ပံ့အားပေးမှုနဲ့ တစ်နေ့ရအောင်တော့ တိုက်မှာပဲ။ ဒါကိုတော့ ပြောချင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ စစ်ကောင်စီတပ်ဟာ ပြိုဆင်းဖို့ တရွေ့ပြီးတစ်ရွေ့ ယိုင်နဲ့လာတဲ့အနေအထားမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲ အလျင်အမြန်အဆုံးသတ်နိုင်ဖို့ အားလုံးလိုလားတဲ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်းသွားနိုင်ဖို့ မွန်လူထုတွေရော ဒေသတွင်းပြည်သူတွေ ကိုရော ဘာပြောချင်ပါလဲ။

ဖြေ။ ။ စစ်ကောင်စီတပ်တွေက အင်အားလျော့နည်းလာတယ်၊ စိတ်ဓာတ်တွေ ယိုယွင်းလာတယ်၊ နယ်မြေ ဆုံးရှုံးမှုတွေ အများကြီးဖြစ်လာတယ်။ ဒါပေမဲ့ ရန်သူက ချက်ချင်းကျဆုံးဖို့ဆိုတာတော့ ကျွန်တော်တို့ မမြင်နိုင် သေးဘူး။ ရန်သူမှာ အကောင်အထည်ကြီးမားတဲ့ လက်နက်ကြီးတွေရှိသေးတယ်။ နောက်ပြီးတော့ လေကြောင်းနဲ့ ကျွန်တော်တို့ကို ဖြိုခွင်းနိုင်တဲ့ အခြေအနေတွေရှိသေးတယ်။ နောက်တစ်ခုက စစ်မှုမထမ်း မနေရဆိုတဲ့ ဥပဒေ ကြောင့် ဘယ်လိုမှငြင်းဆန်လို့မရတဲ့ လမ်းမရှိတဲ့ ပြည်သူတွေက တပ်ထဲကို ဝင်လာရတဲ့အတွက်ကြောင့် အင်အားတွေ ပြန်လည်ဖြည့်တင်းလာတာတွေ ရှိတယ်။ တိုက်ရည်ခိုက်ရည်တွေတော့ ရှိတာမဟုတ်ဘူးပေါ့။ သေချာပါတယ်။

အခုစစ်ထဲဝင်တဲ့သူတွေကတော့ အသားကြိတ်စက်ထဲကို ဝင်တယ်လို့ပဲမြင်ပါတယ်။ ဆိုလိုချင် တာက ရန်သူတွေ ဆုံးရှုံးမှုများစွာရှိနေတယ်။ တိုက်ပွဲတိုင်းမှာ ကျဆုံးမှုတွေရှိနေတယ်။ သို့သော်ချက်ချင်းလက်ငင်း ကျဆုံးသွားသေး မှာ မဟုတ်ဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့က တော်လှန်ရေးတပ်ဖွဲ့တွေကို စိတ်ရှည်လက်ရှည်နဲ့ တတ်အားသမျှ ဒီထက်ပိုပြီးထောက်ပံ့ကူညီပေးဖို့ လိုပါတယ်။ စစ်ပွဲကကြာလာတာနဲ့အမျှ ဒုက္ခခံရတာ ပြည်သူတွေ ဖြစ်တယ်။

ကျွန်တော်တို့လည်းပြည်သူတွေပဲဆိုတော့ ဒီစစ်အာဏာရှင် သက်ဆိုးရှည်သမျှ ဒုက္ခဆိုးကျိုးတွေခံရမှာဆိုတော့ စစ်အာဏာရှင်ကို အပြုတ်တိုက်ပြီး ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ခုကို အမြန်ဆုံး တည်ဆောက်နိုင်ဖို့က ပြည်သူတွေရဲ့ထောက်ပံ့မှု လုံးဝ လိုနေသေးတယ်လို့ ပြောချင်ပါတယ်။ ရန်သူတွေကျဆုံးနေပြီ ဆိုတာနဲ့ ပျော်လို့ မရသေးဘူး။ ရန်သူဟာ အဆိပ်ရှိတဲ့မြွေပွေးလိုပဲ တိတ်တိတ်ကလေး ကျန်နေပါသေးတယ်။ ကျွန်တော်တို့ လုံး၀ ရိုက်သတ်ဖို့တော့လိုပါတယ်။ တုတ်တွေ၊ ဓားတွေ လိုတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကို ဆက်လက်ထောက်ပံ့ ပေးဖို့ လိုပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here