“မီဒီယာလွတ်လပ်ခွင့်ကို အပြည့်အဝ ကျနော်တို့လက်ခံထားပါတယ်။ သတင်းကို ထိန်းချုပ်လိုစိတ်တွေ ဘာတွေ ကျနော်တို့ဆီမှာ မရှိပါဘူး။ နိုင်ငံတကာသတင်းသမားတွေရဲ့ ကျင့်ဝတ်စည်းကမ်းတွေကိုလည်း ကျနော်တို့ လိုက်နာသလို လက်ခံသလို ကျနော်တို့ရဲ့အဖွဲ့အစည်းအတွင်းမှာ ကျင့်သုံးရမယ့် စည်းမျဥ်းစည်းကမ်း တွေကိုလည်း ကျနော်တို့ချမှတ်ထားတာရှိပါတယ်” ပဒိုစောကလယ်စေး – KNU ပြောခွင့်ရ

0
47
ပုံစာ - KNU ပြောခွင့်ရ ပဒိုစောကလယ်စေး

ကရင်အမျိုးသားအစည်းအရုံး – KNU ၏ မီဒီယာဆိုင်ရာထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောကလယ်စေးနှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်အမျိုးသာအစည်းအရုံး – KNU က သတင်းမီဒီယာများအနေဖြင့် KNU နယ်မြေများသို့ သတင်းဝင်ရောက် ရယူရာတွင် ဗဟိုမှ ခွင့်ပြုချက်တောင်းခံထားသည့် အချိန်ကာလနှင့် နေရာအရ တောင်းခံထားသည့် အကြောင်းအရာကိုသာ သတင်းယူခွင့်ရှိမည်ဖြစ်ကြောင်း စသည်အချက်များပါဝင်သော KNU ၏ သတင်းနှင့် ပြန်ကြားရေးဆိုင်ရာ ပေါ်လစီနှင့်ကျင့်ဝတ်စည်းကမ်းများအား ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါ ထုတ်ပြန်ချက်သည် သတင်းမီဒီယာအသိုင်းအဝိုင်းနှင့် သတင်းစာဆရာများအကြား ဝေဖန်ပြောဆိုမှုများ ရှိလာခဲ့သည့်အပေါ် KNU က ထိုသို့ထုတ်ပြန်ချက် ထုတ်ရသည့်ရည်ရွယ်ချက်၊ မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်သည့်ခံယူချက်နှင့် မီဒီယာစီးဆင်းမှုနှင့် ပတ်သက်သည့် စိန်ခေါ်မှုများအား သိရှိနိုင်ရန် KNU အဖွဲ့အစည်း ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ KNU အနေနဲ့ သတင်းရယူခွင့်ထုတ်ပြန်ချက် ထုတ်ရတဲ့ရည်ရွယ်ချက်ကို အရင်ဆုံးပြောပြပေးပါဦး။

ဖြေ။ ။ သတင်းစီးဆင်းမှု ပိုပြီး စနစ်ကျဖို့ ရည်ရွယ်သလို သတင်းဌာနကနေ တဆင့် ပြည်သူတွေကို ကျနော်တို့ ပေးချင်တဲ့မက်ဆေ့ချ်က ပိုပြီးတော့ နားလည်မှုနဲ့ အားကောင်းလာဖို့အတွက်လည်း ကျနော်တို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

မေး။ ။ ကိုယ့်ထိန်းချုပ်နယ်မြေရဲ့ သတင်းစီးဆင်းမှု စိန်ခေါ်ချက်က ဘာပါလဲ။

ဖြေ။ ။ ဥပမာအားဖြင့် ကျနော်တို့နဲ့ပတ်သက်တဲ့ သတင်းတစ်ပုဒ်ကို တွေ့လိုက်လို့ အင်မတန်မှ လွှဲမှားနေတယ် ဆိုရင် ဒါကိုဘယ်လို ပြန်လည်ပြင်ဆင်ကြမလဲပေါ့နော်။ ဘယ်လို ပြန်လည်အသိပေးကြမလဲဆိုတဲ့ နေရာမှာလည်း လိုအပ်ပါတယ်။ မှားယွင်းတဲ့ သတင်းတစ်ပုဒ်ကို တင်လိုက်ခြင်းအားဖြင့် သတင်းဌာနတွေအတွက်လည်း မကောင်းသလို တင်ပြခံရတဲ့ အဖွဲ့အစည်းဌာနတွေအတွက်လည်း အဆင်မပြေဘူး။ ဒါကို ကျနော်တို့ ဘယ်လို ပြင်ဆင်လုပ်ဆောင်ကြမလဲ၊ အချိတ်အဆက်မိမိနဲ့ပေါ့နော် ဒါတွေက ကျနော်တို့အတွက် စိန်ခေါ်ချက်တွေ ဖြစ်ပါတယ်။

မေး။ ။ မီဒီယာလွတ်လပ်ခွင့်အပေါ် KNU အနေနဲ့ ဘယ်လိုလက်ခံထားပါလဲ၊ ရှင်းပြပေးပါလား။

ဖြေ။ ။ မီဒီယာလွတ်လပ်ခွင့်ကို အပြည့်အဝ ကျနော်တို့လက်ခံထားပါတယ်။ သတင်းကို ထိန်းချုပ်လိုစိတ်တွေ ဘာတွေ ကျနော်တို့ဆီမှာ မရှိပါဘူး။ နိုင်ငံတကာသတင်းသမားတွေရဲ့ ကျင့်ဝတ်စည်းကမ်းတွေကိုလည်း ကျနော်တို့ လိုက်နာသလို လက်ခံသလို ကျနော်တို့ရဲ့အဖွဲ့အစည်းအတွင်းမှာ ကျင့်သုံးရမယ့် စည်းမျဥ်းစည်းကမ်း တွေကိုလည်း ကျနော်တို့ချမှတ်ထားတာ ရှိပါတယ်။ ကျနော်တို့အဖွဲ့အစည်းကတော့ မီဒီယာ လွတ်လပ်ခွင့်အပြင် လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်တွေကိုလည်း လက်ခံကျင့်သုံးတာ ဖြစ်ပါတယ် ဆိုတာလည်း အသိပေးလိုပါတယ်။

မေး။ ။ ပြင်ပသတင်းမီဒီယာလို့ ဖော်ပြထားချက်အပေါ် ပိုနားလည်အောင် ရှင်းလင်းပေးစေချင်ပါတယ်။

ဖြေ။ ။ ပြင်ပသတင်းမီဒီယာဆိုတာက နိုင်ငံတကာက ဝင်ရောက်လာတဲ့ သတင်းမီဒီယာကို ကျနော်တို့ အဓိက ဆိုလိုတာဖြစ်ပါတယ်။ များသောအားဖြင့် နိုင်ငံခြားသားတွေလည်း ဖြစ်ကောင်းဖြစ်မှာပေါ့နော်။ အဲဒါကြောင့် သူတို့အတွက် သတင်းဝင်ရောက်ရယူတဲ့နေရာမှာ ကျနော်တို့ကို စနစ်တကျနဲ့ဝင်ရောက်ခွင့် တောင်းတာတို့ လိုအပ်ပါတယ်။ အဲဒါမှ သူတို့ရဲ့လုံခြုံရေးအရ ကျနော်တို့ ကူညီလို့ရတာတွေကို ကူညီလို့ရမှာ ဖြစ်တဲ့အပေါ်မှာ လုပ်ဆောင်မှုဆိုင်ရာ အဆင့်ဆင့်ကို ကျနော်တို့ အသိပေးထားရတာ ဖြစ်ပါတယ်။

မေး။ ။ KNU အနေနဲ့ သတင်းမီဒီယာပိုင်းဆိုင်ရာအတွက် ရှေ့ဆက်ဘယ်လိုအစုအဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ ရှိမလဲ။

ဖြေ။ ။ ရှေ့ဆက်ပြီး ကျနော်တို့ကတော့ ပြည်တွင်းသတင်းဌာနတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်မယ်။ နိုင်ငံတကာ သတင်းဌာနတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ဖို့ သဘောထားရှိပါတယ်။

မေး။ ။ ဖြည့်စွက်ပြောချင်တာများ ရှိပါလား။

ဖြေ။ ။ ကျနော်တို့အနေနဲ့ မှန်ကန်တဲ့သတင်းစီးဆင်းမှု မှန်ကန်တဲ့မက်ဆေ့ချ်တွေကို လူထုဆီချပြဖို့ ကျနော်တို့ကို တမျိုးမြင်ရင်လည်းပဲ နားလည်ပါတယ်။ ကျနော်တို့က သတင်းမီဒီယာလွတ်လပ်ခွင့် ပိတ်ပင်တာ မဟုတ်သလို ခုနကပြောသလိုပဲ မှန်ကန်တဲ့မက်ဆေ့ချ်တွေကို ပြည်သူတွေဆီ ချပြဖို့ဆိုတာ စနစ်ကျနဖို့လိုတယ် ဆိုတာကို ပြောချင်ပါတယ်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here