“အစက ခိုးဝင်ဘင်္ဂလီတွေလို့ ပြောပြီးတော့ စစ်မှုထမ်းဥပဒေထုတ်ပြီးမှ ‘မင်းတို့က နိုင်ငံသားတွေပါ။ စစ်မှုထမ်းကို ထမ်းရမယ်။ နိုင်ငံအတွက် အလုပ်လုပ်ပေးရမယ်’ ဆိုတာကတော့ မတရားဘူးလို့ မြင်တယ်။ ဒါကြောင့် ကျနော်တို့က စစ်ကောင်စီထံမှာ စစ်မှုမထမ်းချင်တဲ့အတွက် ထွက်ပြေးလာတာ” ကျောက်တလုံးဒုက္ခသည်စခန်းမှ မွတ်ဆလင်အမျိုးသားတစ်ဦး

0
33

စစ်မှုမထမ်းလို၍ ထွက်ပြေးတိမ်းရှောင်နေသော ကျောက်တလုံးဒုက္ခသည်စခန်းမှ မွတ်ဆလင်အမျိုးသားတစ်ဦး နှင့် ဆက်သွယ်မေးမြန်းချက်။

နိုင်ငံတဝှမ်းရှိစစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန် ရည်ရွယ်ချက်ဖြင့် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြဌာန်းလိုက်သည်။

စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် စစ်ကောင်စီသည် ပြည်သူများကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေပြီး စစ်သင်တန်ပေးကာ စစ်မြေပြင်သို့ ပို့ဆောင်လျက်ရှိသည်။

ရခိုင်ပြည်တွင်လည်း ရခိုင်ပြည်သူများအပါအဝင် မွတ်ဆလင်များကို စစ်ကောင်စီက စစ်မှုထမ်းခိုင်း၍ ရှေ့တန်း စစ်မြေပြင်သို့ အတင်းပို့ဆောင်နေသဖြင့် မွတ်ဆလင်အများအပြား ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်မှုမထမ်းလို၍ ထွက်ပြေးနေကြသည့် မွတ်ဆလင်များထဲမှ ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး ဒုက္ခသည်စခန်းမှ မွတ်ဆလင်အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။ (လုံခြုံရေးအရ အင်တာဗျူးဖြေဆိုသူ၏အမည်ကို ဖော်ပြနိုင်ခြင်းမရှိပေ။)

မေး။ ။ ကျောက်တလုံးဒုက္ခသည်စခန်းက မွတ်ဆလင်တွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီက အသိပေးလာတဲ့ အခြေအနေကို ပြောပြပေးပါ။

ဖြေ။ ။ ကျနော်တို့ကို စစ်မှုထမ်းအတွက် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး အသိပေးတယ်။ ဖေဖော်ဝါရီ ၂၀ ရက် နေ့မှာ အတင်းအကြပ်ဖြစ်လာတယ်။ အသက်ပြည့်တဲ့သူတွေ တစ်အိမ်တစ်ယောက်ကျ အကုန်လာရမယ်လို့ ပြောတယ်။ ဥပဒေမှာ သူတို့ပြဌာန်းထားတာက အသက် ၁၈ နှစ် ကနေ ၃၅ နှစ် အထိပဲ သတ်မှတ်ထားတာ။ အခုကျနော်တို့ ဒုက္ခသည်စခန်းမှာခေါ်တာကြတော့ အသက် ၁၈ နှစ် ကနေ ၅၅ နှစ် အထိ အကုန်ခေါ်တာ။

မေး။ ။ စစ်မှုထမ်းဖို့ အသိပေးခံရပြီးနောက်မှာ ဘာကြောင့်ထွက်ပြေးလာရတာပါလဲ။

ဖြေ။ ။ စစ်ကောင်စီက အစကတည်းက ကျနော်တို့ကို ခိုးဝင်ဘင်္ဂလီတွေဆိုပြီးတော့ ပြောတယ်။ လက်ရှိ မဖြစ်သာလို့ စစ်မှုထမ်းနေရသူတွေမှာတောင် တော်တော်များများမှာ မှတ်ပုံတင်မရှိကြဘူး။ အစက ခိုးဝင် ဘင်္ဂလီတွေလို့ ပြောပြီးတော့ စစ်မှုထမ်းဥပဒေထုတ်ပြီးမှ Òမင်းတို့က နိုင်ငံသားတွေပါ။ စစ်မှုထမ်းကို ထမ်းရမယ်။ နိုင်ငံအတွက် အလုပ်လုပ်ပေးရမယ်Ó ဆိုတာကတော့ မတရားဘူးလို့ မြင်တယ်။ ဒါကြောင့် ကျနော်တို့က စစ်ကောင်စီထံမှာ စစ်မှုမထမ်းချင်တဲ့အတွက် ထွက်ပြေးလာတာ။

မေး။ ။ စစ်မှုမထမ်းချင်လို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ အခြေအနေကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ ကျနော်တို့ ကျောက်တလုံး IDP Camp ကနေ လမ်းမကြီးအတိုင်း ထွက်ပြေးလာလို့မရတဲ့အတွက် တောလမ်းကြောင်းကနေ ထွက်ပြေးလာတယ်။ အဲဒီမှာ AA တာဝန်ခံတွေနဲ့တွေ့ပြီးတော့ ကျနော်တို့ကို စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတဲ့အတွက် ထွက်ပြေးလာတာလို့ ပြောတယ်။ အခုကတော့ AA ထိန်းချုပ်ထားတဲ့နေရာတွေမှာ ခိုလှုံနေတယ်။ စားဝတ်နေရေးအပိုင်းတွေမှာလည်း AA က အဆင်ပြေအောင်တော့ လုပ်ပေးထားတယ်။

မေး။ ။ အခုက တိမ်းရှောင်နေရတာဆိုတော့ ဘယ်လိုအခက်အခဲတွေရှိပါလဲ။

ဖြေ။ ။ ဒီမှာက အလုပ်အကိုင်မရှိဘူးဆိုတော့ အသိမိတ်ဆွေတွေကလည်း သိပ်မထောက်ပံ့နိုင်ကြဘူး။ ကိုယ်ဟာကိုယ်တော့ ရှိတာလေးနဲ့စားနေကြတာပဲ။ AA ကတော့ စားဝတ်နေရေးအပိုင်းရော၊ အလုပ်အကိုင်အပိုင်းတွေမှာလည်း တတ်နိုင်သလောက် အဆင်ပြေအောင်တော့ လုပ်ပေးထားတယ်။

မေး။ ။ စစ်မှုမထမ်းဘဲ ထွက်ပြေးသွားသူတွေရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ခြိမ်းခြောက်ဖမ်းဆီးတာတွေ ရှိတယ်လို့ သိရတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်လို့ ပြောပြပေးပါ။

ဖြေ။ ။ ကျနော်တို့ ထွက်ပြေးလာတဲ့သူတွေထဲက ၄ ယောက်လောက်ရဲ့ မိသားစုတွေကို ဖမ်းဆီးခဲ့တာရှိတယ်။ ကောင်လေးတစ်ယောက်မှာဆိုရင် သူ့အဖေက လေဖြတ်ထားတာ။ နောက် မျက်စိတဖက်လည်း ခွဲထားရတယ်။ သူ့မိဘနှစ်ယောက်စလုံးကို ဖမ်းသွားတာ။ နောက်တစ်ယောက်မှာဆိုရင်လည်း အဖေကိုဖမ်းသွားတယ်။ နောက်တစ်ယောက်မှာဆိုရင် မွေးကင်းစကလေး ၁၅ ရက်ပဲ ရှိသေးတယ်။ မွေးကင်းစကလေးနဲ့ မိန်းမကို အချုပ်ကားနဲ့ ခေါ်သွားတာ။ နောက်တစ်ယောက်မှာဆိုရင် ၁ နှစ်ခွဲသားနဲ့ မိန်းမကိုခေါ်သွားတာ။

ကျနော်တို့ကို AA ထိန်းချုပ်နယ်မြေသို့ မပို့ခင်တစ်ရက်က ပြန်လွှတ်ပေးလိုက်တယ်လို့ သိရတယ်။ အသက်ကြီးကြီးနဲ့ လေဖြတ်ထားတဲ့ လင်မယားနှစ်ယောက်ကိုတော့ စခန်းထဲကို ပြန်ဝင်ခိုင်းတယ်။ တခြားသူတွေကိုတော့ ပြန်မဝင်ခိုင်းဘူး။ စခန်းက လက်မခံဘူး၊ နေလို့မရဘူးဆိုပြီး အတင်းနှင်ထုတ်တယ်။ အမျိုးသမီးနှစ်ယောက်နဲ့ ကလေးတစ်ယောက်ကတော့ ကျနော်တို့နဲ့ အတူပါလာတယ်။ တခြားသူတွေက ဂုံးချိန်ရွာဖက်မှာ နေထိုင်နေ ကြတယ်လို့ သိရတယ်။

မေး။ ။ လက်ရှိ ကျောက်တလုံးစခန်းက မွတ်ဆလင်တွေ စစ်မှုထမ်းနေရတဲ့ အခြေအနေကိုလည်း သိရသလောက် ပြောပြပေးပါ။

ဖြေ။ ။ စစ်မှုထမ်းဖို့ခေါ်သွားတာက အသက် ၁၈ နှစ် ကနေ ၅၅ နှစ် အထိ အကုန်လုံး လူ ၁၁၇ ယောက် ပါသွားတယ်။ သူတို့ကို စစ်ကောင်စီ ခမရ ၅၄၂ တပ်ရင်းမှာ ၁၄ ရက် သင်တန်းပေးတယ်လို့ သိရတယ်။ အခုကတော့ လူ ၁၇၇ ယောက်ထဲက လူ ၅၀ ကို လုံခြုံရေးစောင့်တဲ့ပုံစံလိုမျိုးပေါ့။ စစ်သားတွေနဲ့ရောပြီး င/လပွေ့၊ စိုင်ခြုံကူးတိုးဆိပ်၊ မလကျွန်း၊ ပြင်ဖြူမော်၊ ပြိုင်စိပ်ကေ၊ ထောင်ရှည် အဲဒီနေရာတွေမှာ လူ ၅၀ ကို ပို့ထားတယ်။ အဲဒီ ၅၀ က အဲဒီစစ်ဆေးရေးဂိတ်တွေမှာ ၁၅ ရက် ကင်းစောင့်ရမယ်။ ပြီးရင် တပ်ရင်းကို ပြန်ပို့မယ်။ ပြီးတော့ နောက် ၅၀ ကို အဲဒီဂိတ်ကို ပြန်ခေါ်မယ်ဆိုပြီးတော့ သတင်းကြားရတယ်။

မေး။ ။ လက်ရှိဒုက္ခသည်စခန်းမှာ နေထိုင်ကြသူတွေရဲ့ အခြေအနေကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ လက်ရှိ ကျောက်တလုံးဒုက္ခသည်စခန်းရဲ့ အခြေအနေက စစ်မှုထမ်းနေတဲ့သူတွေရဲ့ မိသားစုဝင်တွေ ဆိုရင် ကျောက်ဖြူမြို့ပေါ်ကို လွတ်လွတ်လပ်လပ်သွားလာလို့ ရတယ်။ ထွက်ပြေးလာတဲ့သူတွေရဲ့ မိသားစုဝင်တွေ ဆိုရင် စခန်းကနေ အပြင်ကို မထွက်ရဘူးလို့သိရတယ်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here