ထိုင်း-ကရင်နီနယ်စပ်က စစ်ဘေးရှောင်စခန်း နေရာရွေ့ပြောင်းရတာကြောင့် အမိုးအကာများလိုအပ်နေ

0
29

ထိုင်း – ကရင်နီ နယ်စပ်တနေရာ၌ ခိုလှုံနေထိုင်ကြသည့် စစ်ဘေးရှောင်စခန်းတစ်ခုသည် ယခုနွေရာသီ ကာလအတွင်း နေရာရွေ့ပြောင်းရမည် ဖြစ်သည့်အတွက် နေရာသစ်တွင်နေထိုင်ရန် စစ်ရှောင်များအတွက် အမိုးအကာများ လိုအပ်လျှက်ရှိသည်ဟု သိရသည်။

စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတစ်ဦးက “ကျနော်တို့စခန်းရွေ့ပြောင်းရတဲ့ အကြောင်းရင်းကတော့ မိုးတွင်းဆိုရင် ကျနော်တို့ ရိက္ခာသယ်ရတာ အခက်အခဲရှိတယ်။ ပြီးတော့ ကျန်းမာရေး၊ ပညာရေး လုပ်ဆောင်ရတဲ့အခါမှာ အရမ်းခက်ခဲနောက်ကျတာ ကျနော်တို့ကြုံတွေ့ခဲ့ရတယ်။ အဲ့ဒါကြောင့် ရွေ့ပြောင်းရခြင်း ဖြစ်ပါတယ်။ လူနာ အချိန်မီ ကျနော်တို့မပို့နိုင်လိုက်တဲ့ လူနာတွေရှိတယ်။ ရေကြီးတာ၊ ချောင်းရေကြီးတာကြောင့် ကျနော်တို့ လူနာပို့တာ နောက်ကျတာတွေကြောင့် အသက်ဆုံးရှုံးတာတွေ ကြုံတွေ့ခဲ့ရတယ်” ဟု ပြောသည်။

ထိုစစ်ဘေးရှောင်စခန်းက ကျန်းမာရေးအရေးပေါ် ဖြစ်ပွားသည့် လူနာများကို အချိန်မီ ဆေးရုံ၊ ဆေးခန်း မပို့ဆောင်နိုင်တာကြောင့် အသက်ဆုံးရှုံးသွားရသည့် လူနာ ၅ ဦးအထိရှိလာပြီး တနေ့တည်းကို ၂ ဦး သေဆုံးခဲ့ရသည့်ဖြစ်စဉ်လည်းရှိသည်ဟု ၎င်းက ဆက်ပြောသည်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လက်ရှိနေထိုင်သည့် စစ်ဘေးရှောင်စခန်းအထိ အလှူရှင်များ ရောက်လာနိုင်ခြင်း မရှိသလို စစ်ဘေးရှောင်ပြည်သူများကိုယ်တိုင် စားနပ်ရိက္ခာသယ်ယူရာ၌လည်း အခက်အခဲ ရှိသည်ဟု ဆိုသည်။

စစ်ရှောင်စခန်းရှိ လူဦးရေ ၁၃၀၀ ဝန်းကျင် ရွေ့ပြောင်းနေထိုင်ရမည်ဖြစ်သည့်အတွက် သက်ကြီးရွယ်အို၊ ကလေးငယ်များအတွက် ရွေ့ပြောင်းရေးတွင် ကူညီဆောင်ရွက်ပေးနိုင်သည့် ကားများအတွက် စက်သုံးဆီလည်း လိုအပ်နေသည်ဟု စစ်ရှောင်စခန်းတာဝန်ရှိသူက ဆက်ပြောသည်။

“အရင်က ကျနော်တို့ကို ပေးခဲ့တဲ့ မိုးကာတွေက တစ်နှစ်လောက်ရှိပြီပေါ့နော်။ ကျနော်တို့ ဖြုတ်လိုက်တာနဲ့ ပြဲကုန်တယ်၊ ယိုယွင်းပျက်စီးကုန်တယ်။ အဲ့လိုဖြစ်တော့ ကျနော်တို့ ဘယ်လိုဆက်နေသွားရမလဲဆိုတဲ့ အခက်အခဲမျိုးတွေ အများကြီးကြုံတွေ့ရတယ်” ၎င်းက ဆိုသည်။

အဆိုပါစစ်ဘေးရှောင်စခန်း၌ လာရောက်ခိုလှုံနေထိုင်သူများသည် ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်၊ မယ်စဲ့မြို့နယ် အတွင်းက စစ်ဘေးရှောင်ပြည်သူ အများစုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလတွင် စတင်တိမ်းရှောင် လာကြခြင်းဖြစ်ကြောင်း သိရသည်။

ကရင်နီပြည်နှင့် ရှမ်း-ကရင်နီ နယ်စပ်က မိုးဗြဲ၊ ဖယ်ခုံ အပါအဝင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ သုံးသိန်းခွဲအထိ ရှိလာပြီး စစ်ဘေးရှောင်စခန်းပေါင်း နှစ်ရာကျော် ရှိသည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ပြောဆိုထားသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here