“အမျိုးသမီး အကြမ်းဖက်ခံရမှုများ ရှိနေသော်လည်း တိုင်ကြားရန်နေရာ အခက်အခဲရှိနေခြင်း၊ ခေတ္တနားခိုရာ စင်တာလိုမျိုး ထားရှိပေးဖို့ အခက်အခဲရှိနေခြင်း ဒီလိုမျိုးတွေ ကြုံလာရပါတယ်။ တအာင်းအမျိုးသမီးများအပေါ် အန္တရာယ်ရှိနေတဲ့ ဓလေ့ထုံးတမ်းတွေ၊ ဥပမာ – အိမ်ထောင်မကျသေးဘဲ ကိုယ်ဝန်ရတဲ့အမျိုးသမီးများကို ရွာပြင် ထုတ်ခြင်း၊ ခွဲခြားဆက်ဆံနေခြင်း စသဖြင့် များစွာရှိနေပါတယ်”

0
158
ပုံစာ - ပထမအကြိမ် တအာင်းအမျိုးသမီးဖိုရမ်မြင်ကွင်း။

တအာင်းအမျိုးသမီးဖိုရမ် ပြုလုပ်ရခြင်းနှင့် စစ်ရေးပဋိပက္ခအတွင်း တအာင်းအမျိုးသမီးများရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများကို တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ပြောရေးဆိုခွင့်ရှိသူနှင့် မေးမြန်းချက်။

သျှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့တွင် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ဦးဆောင်ပြီး ပထမအကြိမ် တအာင်းအမျိုးသမီးဖိုရမ်ကို မတ်လ ၂၈ နှင့် မတ်လ၂၉ ရက် နှစ်ရက်တိုင်တိုင် နမ္မတူမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားသော နမ္မတူမြို့တွင် ကျင်းပသည့် ယင်းဖိုရမ်သို့ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲ၊ နမ္မတူနှင့် မိုးမိတ်မြို့နယ်ရှိ တအာင်းအရပ်ဘက်အဖွဲ့အစည်းများ၊ တအာင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ ကျေးရွာအကြမ်းဖက်မှု လျှော့ချရေးကော်မတီဝင်များမှ အမျိုးသမီးကိုယ်စားလှယ် စုစုပေါင်း ၁၄၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တအာင်းအမျိုးသမီးအဖွဲ့ (TWO) သည် အမျိုးသမီးထုအားကိုယ်စားပြုပြီး နိုင်ငံရေးဦးဆောင်မှုနှင့် ဆုံးဖြတ်ချက် ချသည့်အခန်းကဏ္ဍတွင် အမျိုးသမီးကိုယ်စားပြုပါဝင်မှု လျစ်လျူရှုခံနေရခြင်းကို ကန့်ကွက်ရှုတ်ချပြီး ကျား-မ တန်းတူရေး ရရှိလာရန်အတွက် ဖိုဝါဒကြီးစိုးမှုကို တော်လှန်တိုက်ထုတ်သွားမည်ဟုလည်း မတ်လ ၃၁ ရက် ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။

နမ္မတူမြို့တွင် နှစ်ရက်တာကျင်းပပြုလုပ်ခဲ့သည့် တအာင်းအမျိုးသမီးဖိုရမ် ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စစ်ရေးပဋိပက္ခအတွင်း တအာင်းအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ စိန်ခေါ်မှုများကို တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ တအာင်းအမျိုးသမီးဖိုရမ် ကျင်းပရတဲ့ အဓိကရည်ရွယ်ချက်ကို ပြောပြပေးပါ။

ဖြေ။ ။ ဖိုရမ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကတော့ (၁) နိုင်ငံရေးအခန်းကဏ္ဍ အပါအဝင် ဆုံးဖြတ်ချက်ချတဲ့ အခန်းကဏ္ဍတိုင်းတွင် အမျိုးသမီးပါဝင်မှု ပိုမိုမြင့်မားလာစေရန်၊ (၂) တအာင်းဒေသ အသီးသီးမှာရှိတဲ့ အမျိုးသမီးတွေအပေါ် အန္တရာယ်ဖြစ်စေသည့် ဓလေ့ထုံးတမ်းများ ဖော်ထုတ်နိုင်ရန်နှင့် လျှော့ချနိုင်မည့် နည်းလမ်းများ ရှာဖွေနိုင်ရန်၊ (၃) တအာင်းဒေသအသီးသီးရှိ အမျိုးသမီး အချင်းချင်းကြား ကွန်ရက်တည်ဆောက် နိုင်စေရန် (၄) ဖိုရမ်ရလဒ်အပေါ် အခြေခံပြီး ကျား-မ ရေးရာမူဝါဒ ရေးဆွဲသွားရန် ဒီဟာတွေ ဖြစ်ပါတယ်။

မေး။ ။ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် အမျိုးသမီးတွေအတွက် စိန်ခေါ်မှုက ဘာတွေရှိမလဲ။

ဖြေ။ ။ လက်ရှိနိုင်ငံရေး အခြေအနေအရ အမျိုးသမီးများအတွက် လုံခြုံမှု မရှိနေခြင်း၊ အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာစေခြင်း ဒီဟာတွေ ဖြစ်လာပါတယ်။ အမျိုးသမီး အကြမ်းဖက်ခံရမှုများ ရှိနေသော်လည်း တိုင်ကြားရန်နေရာ အခက်အခဲ ရှိနေခြင်း၊ ခေတ္တနားခိုရာ စင်တာလိုမျိုး ထားရှိပေးဖို့ အခက်အခဲရှိနေခြင်း ဒီလိုမျိုးတွေ ကြုံလာရပါတယ်။ တအာင်းအမျိုးသမီးများအပေါ် အန္တရာယ်ရှိနေတဲ့ ဓလေ့ထုံးတမ်းတွေ၊ ဥပမာ – အိမ်ထောင်မကျသေးဘဲ ကိုယ်ဝန်ရတဲ့အမျိုးသမီးများကို ရွာပြင်ထုတ်ခြင်း၊ ခွဲခြားဆက်ဆံနေခြင်း စသဖြင့် များစွာ ရှိနေပါတယ်။

မေး။ ။ အခုဆိုရင် တအာင်းအမျိုးသမီးအဖွဲ့အနေနဲ့ တိုက်ပွဲကြားမှာနေထိုင်ပြီး မြေပြင်ကအချက်အလက်တွေကို ကောက်ယူစုဆောင်းနေတာ တွေ့ရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ နမ္မတူမြို့မှာ တအာင်းအမျိုးသမီး ဖိုရမ်ကို ကျင်းပနိုင်ခဲ့တယ်၊ ဒီအပေါ်မှာ တအာင်းအမျိုးသမီးတွေအနေနဲ့ ဘယ်လိုမျိုးအခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိနေပါလဲ။

ဖြေ။ ။ လုပ်ငန်းအကောင်အထည်ဖော်ရာမှာ စိန်ခေါ်မှုများစွာရှိတယ်။ ကွင်းဆင်းတဲ့အခါမှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေ၊ စစ်လက်နက် အကြွင်းအကျန်တွေကို စိုးရိမ်နေရတာတွေရှိမယ်။ လုံခြုံရေးအတွက် စိုးရိမ်နေရတာ၊ လမ်းပန်းဆက်သွယ်ရေး အပိုင်းမှာဆိုရင် သွားလာရေး အခက်အခဲရှိနေတာ၊ အင်တာနက် ဖုန်းလိုင်း ပျက်တောက်မှု မကြာခဏ ကြုံတွေ့နေရတာတွေ ဖြစ်တာပေါ့။ တဘက်မှာလည်း စစ်ကောင်စီက နမ့်ဆန်၊ မန်တုံနဲ့ နမ္မတူမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေငြာတော့ မြေပြင်ဒေသ အခြေအနေက လုံးဝ လုံခြုံစိတ်ချရတဲ့ ပုံစံမျိုး မဟုတ်သေးတော့ သတိထားပြီး လုပ်ဆောင်နေရပါတယ်။

မေး။ ။ ဒေသအတွင်းမှာရှိတဲ့ အတူနေတိုင်းရင်းသားတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ပတ်သက်ပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်းအနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်နေလဲ။

ဖြေ။ ။ တိုင်းရင်းသား အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ကွန်ရက်ချိတ်ဆက်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွေ လုပ်တာရှိသလို ဒေသအတွင်းမှာလည်း သင်တန်းတွေပေးတယ်။ ဒီသင်တန်းတွေကို လူမျိုးတိုင်း မည်သူမဆို တက်ရောက်ခွင့်ပေးထားတယ်။

မေး။ ။ လက်ရှိမှာ “ ၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA တပ်ဖွဲ့က မြို့တွေကိုသိမ်းပိုက်လာနိုင်တယ်။ ဒီလိုမျိုး သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒီနေရာတွေမှာ လက်ရှိအချိန်ထိ အရပ်သားဦးဆောင်တဲ့ အုပ်ချုပ်မှုပုံစံမျိုး မလုပ်နိုင် သေးတာ၊ ဥပမာ- ကရင်နီမှာဆိုရင် IEC လိုမျိုးပေါ့။ အရပ်သားအစိုးရပုံစံ မကူးပြောင်းနိုင်သေးတဲ့ အပေါ်မှာ လက်ရှိနိုင်ငံရေးအပေါ် အရပ်သားအုပ်ချုပ်မှုပုံစံ ကူးပြောင်းနိုင်အောင် ဘယ်လိုမျိုးဖိအားပေးသွားဖို့ရှိလဲ။

ဖြေ။ ။ ကျမတို့လည်း စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ ကရင်နီနဲ့သျှမ်းပြည်က မတူညီတာတွေ များတယ်။ သျှမ်းပြည်မှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ERO လည်း များသလို တဘက်မှာလည်း စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ပြန်ကြေငြာထားတော့ လုံခြုံရေးအခြေအနေက ဘယ်လိုရှိမလဲဆိုတာကို သေချာ မသိနိုင်သေးတော့ တိတိကျကျ အဖြေပေးရခက်ပါတယ်။ သို့သော်ငြားလည်း အရပ်သားဦးဆောင်တဲ့ အုပ်ချုပ်မှု အစိုးရပုံစံ ဖြစ်ပေါ်လာဖို့ ကျမတို့တိုက်တွန်းသွားဖို့ ရှိနေပါတယ်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here