KNPP က အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် ဆွေးနွေးခဲ့ဟုဆို

0
120
ပုံစာ - စစ်ရှောင်စခန်းတခုတွင် ဆန်စားနပ်ရိက္ခာ ကူညီထောက်ပံပေးနေသည့်မြင်ကွင်း (ပုံဟောင်းဖြစ်သည်)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက် (Derek Chollet) နှင့် တွေ့ဆုံပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအတွက် ဆွေးနွေးမှုတွေရှိခဲ့သည်ဟု KNPP အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်က ပြောဆိုသည်။

“ကျနော်တို့ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေ၊ စစ်ရေးအခြေအနေ နောက်ပြီးတော့မှ ကျနော်တို့ ဒီစစ်ရှောင်တွေရဲ့ အခြေအနေကို သွားပြီးတော့မှ update ဆွေးနွေးတဲ့ သဘောပါပဲ။ လက်ရှိအခြေအနေကို သွားပြီးတော့မှ တင်ပြပေးတဲ့ သဘောပါပဲ” ဟု ဦးအောင်ဆန်းမြင့်က ဆိုသည်။

အဆိုပါဆွေးနွေးပွဲကို K3C အဖွဲ့များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နှင့်အတူ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ တာဝန်ရှိသူတချို့လည်း တက်ရောက်ခဲ့ကြပြီး ပြီးခဲ့သည့်မတ်လ ၂၈ ရက်နေ့က တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သတ်ပြီး ဦးအောင်ဆန်းမြင့်က “လောလောဆယ်ကတော့ ကျနော်တို့ ဘာသဘောတူညီချက်မှ အတိအကျ မရှိဘူးပေါ့နော။ update လေးတွေ ပေးပြီးတော့မှ ကျနော်တို့နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောလောက်ပဲပေါ့နော။ ဒီလူသားချင်းစာနာထောက်ထားမှု အကူအညီတွေ နဲ့ ပတ်သက်ပြီးတော့ပေါ့နော။ အဲဒါလေးပါပဲ” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “ကျနော်တို့ကလည်း ဒီလူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ရဲ့ သဘောထားပေါ့နော။ ကျနော်တို့ရဲ့ သဘောထားကို ကျနော်တို့ ထုတ်ပြန်ထားပြီးသား ဖြစ်တယ်။ အဲ့ဒီအပိုင်းလေး လုပ်ဆောင်သွားပေးဖို့ ဒါလေးပါပဲ” လို့ ဆက်ပြောပါသည်။

အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်က ထိုသို့တွေ့ဆုံခဲ့မှုအပေါ် နိုင်ငံတကာ အသိုက်အဝန်း အနေနှင့် အကူအညီလိုအပ်နေသူများကို အကူအညီများပေးအပ်မှု တိုးမြှင့်နိုင်ဖို့၊ မြန်မာပြည်သူများအတွက် ပိုကောင်းသည့်အနာဂတ်ဖြစ်လာအောင် လုပ်နိုင်မယ့်ခြေလှမ်းများကို ဆွေးနွေးခဲ့သည်ဟု ၎င်း၏ twitter ခေါ် X လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင် လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) တို့ ပါဝင်သည့် ဘုံသဘောထားကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါဘုံသဘောထား ရပ်တည်ချက်ထဲတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးနှင့် ပတ်သက်သည့် မျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်ဆိုပြီး အဆင့်လိုက် ဖော်ပြထားသညိကို တွေ့ရှိရသည်။

ကန္တာရဝတီတိုင်း( မ် )- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here