“စစ်အုပ်စုက တရားမဝင်တဲ့စစ်အုပ်စု ဖြစ်ပါတယ်။ နိုင်ငံ့အာဏာကို အကြမ်းဖက်ပြီးရယူထားတဲ့အုပ်စု ဖြစ်တယ်။ တရားဝင်အစိုးရတွေသာ လုပ်ပိုင်ခွင့်ရှိတဲ့ ဥပဒေတွေ၊ အမိန့်အာဏာတွေကို ထုတ်ပြန်ခွင့် မရှိပါဘူး။ ဒါကြောင့် မို့လို့ သူတို့ထုတ်ပြန်တဲ့ ဥပဒေတွေ၊ အမိန့်အာဏာတွေကို ကျမတို့က တရားမဝင်ဘူးလို့ ယူဆသတ်မှတ်ပါတယ်” ဒေါ်နှင်းနှင်းမွှေး- အဖွဲ့ဝင်/စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)

0
124
ပုံစာ - ဒေါ်နှင်းနှင်းမွှေး

ပြည်သူ့စစ်မှူထမ်းဥပဒေ အကောင်အထည်မဖော်နိုင်ရေး လုပ်ဆောင်သွားမည်ဟု တော်လှန်‌ရေးအင်အားစုအဖွဲ့ လေးဆယ်ကျော်က ဘုံသဘောထားထုတ်ပြန်ခဲ့ရာတွင် ပါဝင်သူဖြစ်သည့် GSC အဖွဲ့ဝင်လည်းဖြစ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ တွဲဘက်အတွင်းရေးမှူးလည်းဖြစ်သည့် ဒေါ်နှင်းနှင်းမွှေးနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကောင်စီက လာမည့်ဧပြီလထဲတွင် စတင်ကျင့်သုံးမည့် ပြည်သူ့စစ်မှူထမ်းဥပဒေကို အကောင်အထည်မဖော် နိုင်ရန် လုပ်ဆောင်သွားမည်ဟု တော်လှန်‌ရေးအင်အားစုအဖွဲ့အစည်းပေါင်း လေးဆယ်ကျော်က မတ်လ ၅ ရက်နေ့တွင် ဘုံသဘောထား ထုတ်ပြန်ကြေညာခဲ့ပါသည်။

ဘုံသဘောထားထုတ်ပြန်သည့် တော်လှန်ရေးအင်အားစုအဖွဲ့များထဲတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)၊ အမျိုးသမီးမဟာ မိတ်အင်အားစု (WAB) နဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများလည်း ပါဝင်ခဲ့ပါသည်။

ဘုံသဘောထား ထုတ်ပြန်ကြေညာချက်ပါ အချက်များနှင့်ပတ်သက်ပြီး ပါဝင်သူတစ်ဦးဖြစ်သည့် GSC အဖွဲ့ဝင်လည်းဖြစ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ တွဲဘက်အတွင်းရေးမှူးလည်းဖြစ်သည့် ဒေါ်နှင်းနှင်းမွှေးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး အဖွဲ့အစည်းလေးဆယ်ကျော်က ထုတ်ပြန်ချက် ထဲမှာ ဘယ်လို လုပ်ဆောင်ချက်၊ တိုက်တွန်းချက်တွေများ အဓိကပါဝင်လဲဆိုတာ ပြောပြပေးပါဦး။

ဖြေ။ ။ စစ်အုပ်စုက တရားမဝင်တဲ့စစ်အုပ်စု ဖြစ်ပါတယ်။ နိုင်ငံ့အာဏာကို အကြမ်းဖက်ပြီးရယူထားတဲ့အုပ်စု ဖြစ်တယ်။ တရားဝင်အစိုးရတွေသာ လုပ်ပိုင်ခွင့်ရှိတဲ့ဥပဒေတွေ၊ အမိန့်အာဏာတွေကို ထုတ်ပြန်ခွင့်မရှိပါဘူး။ ဒါကြောင့်မို့လို့ သူတို့ထုတ်ပြန်တဲ့ဥပဒေတွေ၊ အမိန့်အာဏာတွေကို ကျမတို့ကတရားမဝင်ဘူးလို့ ယူဆသတ်မှတ် ပါတယ်။ ဒါက တစ်ခုဖြစ်တယ်။ နောက်တခုက အခုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေပေါ့နော် ဒါက မတရား အတင်းအဓမ္မ စစ်သားစုဆောင်းတဲ့ကိစ္စဖြစ်တယ်။ အဲ့ဒီအမိန့်ကို အတည်ပြုတဲ့အချိန်မှာ နှစ်ခုရှိတယ်။ တစ်ခုကြတော့ သူတို့တပ်ထဲမှာ စစ်သားအင်အားလိုအပ်ချက် အရမ်းကိုများပြားနေတယ်ဆိုတဲ့အချက်ကို ဖော်ပြလိုက်တာ ဖြစ်တယ်။ ရှေ့တန်းမှာဒဏ်ရာရလို့ ဆေးရုံတင်ထားရတဲ့သူတွေကိုတောင်မှပဲ ဆေးရုံဆင်းတဲ့ အချိန်မှာ နားခွင့်မပေးဘဲ ရှေ့တန်းပြန်ပို့မယ်ဆိုတဲ့ အခြေအနေတွေ ဖြစ်နေတယ်။ တပ်ရင်းအစုအဖွဲ့တွေမှာလည်း လူအင်အားပြည့်ဝတာ မရှိတော့ဘဲနဲ့ စုပြီးတော့တိုက်ရတဲ့ အနေအထားမျိုးတွေ ဖြစ်နေတယ်ဆိုတာမျိုးကို စစ်သုံ့ပန်းတွေ ပြောကြားချက်တွေထဲမှာလည်း တွေ့ရတယ်။ ဆိုတော့ အဲ့ဒီလိုစစ်သား လိုအပ်ချက်မျိုးကို ပြည်သူတွေကို အတင်းအဓမ္မ သူတို့တပ်ထဲကိုသွင်းပြီးတော့ စစ်သားအဖြစ် ပြန်သုံးမယ်ဆိုတဲ့ ပြည်သူကို ပြည်သူချင်း ပြန်တိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်တခုရှိတယ်လို့ ယူဆရတယ်။

နောက်တခုကကြတော့ စစ်အုပ်စုကို လက်နက်စွဲကိုင်တော်လှန်နေတဲ့ ပြည်သူတွေက လူငယ်လူရွယ်တွေ အဓိကဖြစ်တယ်။ ဒါကြောင့် သူတို့ကို‌ တော်လှန်တဲ့မျိုးဆက်ကို ဖိနှိပ်ချင်တဲ့သဘောလည်း ပါဝင်တယ်လို့ ကျမတို့ကယူဆလို့ရပါတယ်။ ဒီအတည်ပြုချက် ကို သူတို့ထုတ်ပြန်လိုက်တယ်ဆိုပေမယ့်လို့ သူတို့ရဲ့စီမံချက်က သေသေချာချာ ရေရေရာရာကို မရှိတာ တွေ့ရပါ တယ်။ ဘာကြောင့်လည်းဆိုတော့ အမိန့်က ၁၀ ရက်နေ့မှာ အတည်ပြုချက်ထုတ်တယ်၊ ၁၃ ရက်နေ့မှာ ဗဟိုအဖွဲ့ကို ဖွဲ့စည်းတယ်။ နောက်ပိုင်းကျမှ ဘာတွေလုပ်မယ် ညာတွေလုပ်မယ်ဆိုတာမျိုးကို သူတို့ ပြောကြတာတွေ ရှိတယ်။ နောက်တခုက စစ်ကောင်စီရဲ့ပြောရေးဆိုခွင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒါနဲ့ ပတ်သက်ပြီးတော့ ၇ ခါလောက်ထင်တယ် ထွက်ပြီးတော့မှ စကားပြောနေရတာ ရှင်းလင်းနေရတာတွေရှိတယ်။ ဆိုတဲ့အခါကျတော့ သူတို့လည်း ဒါနဲ့ပတ်သက်ပြီး တုန့်ပြန်ချက်က ဒီလောက် ကြီးမားလိမ့်မယ်လို့ ယူဆထားပုံ မရဘူး။ အခုပြည်သူတွေကြားထဲမှာဆိုရင် ဒါနဲ့ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်မှု တွေ မြင့်တက်ကြတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ကို ကိုယ်တွေက ဘယ်လိုပဲသဘောထားသည်ဖြစ်စေ သူတို့မှာရှိနေတဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာနဲ့ ပြည်သူတွေကို မတရားဖမ်းဆီး၊ လူဖမ်းခွင့်၊ ပြန်ပေးဆွဲခွင့်၊ ငွေညှစ်ခွင့်လိုင်စင်ကို ပေးလိုက်တဲ့အခါကျ‌တော့ လူတွေကိုဖမ်းတယ်။

ဖမ်းပြီးဘယ်လောက်နဲ့ ပြန်ရွေးရမယ်ဆိုတာမျိုးက ပြည်သူတွေထဲမှာ တကယ်ဖြစ်နေတဲ့ အနေအထားမျိုး ဖြစ်တယ်။ ဆိုတော့ ပြေးစရာလည်း မြေမရှိဘူး၊ ပေးစရာလည်း ငွေမရှိဘူး ဆိုတဲ့သူတွေအတွက်ကတော့ စိတ်ပူစရာ ကောင်းတယ်ဆိုတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တော်လှန်ရေးအစုအဖွဲ့တွေ အနေနဲ့ဆိုရင် ဒါကိုတတ်နိုင်သမျှပေါ့နော် ဘယ်လိုမျိုးကူညီပေးကြမလဲ ဆိုတာမျိုးတွေကို ကျမတို့စဉ်းစား ဖြစ်ပါတယ်။ အဲ့လိုစဉ်းစားတဲ့အခါမှာ တစ်ခုရှိတာက အခုသူတို့ရဲ့စာရင်းဇယားတွေအရ ဒီအသက်အရွယ် အပိုင်းအခြား ရှိတဲ့သူတွေက ၁၃၊ ၁၄ သန်း လောက်ရှိတယ် ဆိုထားတယ်။ အဲ့ဒီလူတွေ အကုန်လုံးကို တပြိုင်နက်ထဲမှာ စစ်သားအဖြစ် စုဆောင်းနိုင်မှာ မဟုတ်ပေမယ့် တော်လှန်ရေးအစုအဖွဲ့တွေ အနေနဲ့ကလည်း အဲ့လောက်အများကြီးကြတော့ လက်ခံနိုင်ဖို့က အကန့်အသတ်ရှိမယ်လို့ ထင်တယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့နော် အကူအညီလိုနေတဲ့သူတွေကို အကူအညီပေးရမှာ တတ်နိုင်သမျှ ပံ့ပိုးပေးရမှာက နိုင်ငံရေး လုပ်နေတဲ့ တော်လှန်ရေး လုပ်နေတဲ့သူတွေရဲ့ တာဝန်ဖြစ်တယ်လို့ ယူဆတယ်။ ဒါကြောင့် တတ်နိုင်သမျှ‌ တော့ အကူအညီပေးသွားကြရမယ်။ အဲ့လိုစိတ်လေးတွေနဲ့ လုပ်ကိုင်ဆောင်ရွက်ကြရမယ်လို့ ကျမတို့ ဆွေးနွေးဖြစ် ကြပါတယ်။

နောက်တခုက စစ်အုပ်စုရဲ့အနေအထားက လူငယ်စကားနဲ့ ပြောရမယ်ဆိုရင် တော်တော်ကိုပဲ တပ်ပျက်နေတဲ့ အခြေအနေဖြစ်တယ်။ သူတို့အနေနဲ့ လုပ်ခွင့်မရှိတာတွေကို အမြဲတမ်းလုပ်နေသလို ဖြစ်တယ်။ ဥပမာ ရွေးကောက်ပွဲ၊ သူတို့အနေနဲ့ အရင် အာဏာသိမ်းစကပြောတာက မဲစာရင်းမသမာမှုဆိုပြီး ပြောတယ်။ အခုကြ သူတို့ရွေးကောက်ပွဲ အတင်းလုပ်ချင်တယ်၊ သူတို့ရဲ့ထွက်ပေါက်အဖြစ်နဲ့။ မဲစာရင်းမသမာမှုလို့ပြောခဲ့ပြီး အခုချိန်မှာ သူတို့ကမဲစာရင်းကို ပိုပြီးတော့မှပဲ ကောက်နိုင်တဲ့အခြေအနေ မရှိဘူး။ မြို့တွေရွာတွေ ပျက်တယ်။ ပြည်သူတွေ ထွက်ပြေးကြရတယ်၊ တိမ်းရှောင်ကြရတယ်။ လူငယ်တွေတော်တော်များများကလည်း သူတို့ကို လက်နက်စွဲကိုင် တော်လှန်နေတဲ့အချိန်မှာ ဘယ်လိုမဲစာရင်းကို လုပ်မလဲ။ ဒါပေမယ့် သူတို့ဒါကိုလုပ်ဖို့ ကြိုးစားတယ်။ နောက်တခု က အခုပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာကို အတင်းအကြပ် အတည်ပြုတယ်။ ဆိုတော့ သူတို့က သူတို့ရဲ့ ထွက်ပေါက်အတွက်ကို နည်းမျိုးစုံနဲ့ သုံးနေမှာ ဖြစ်တယ်။ ဒီစစ်အုပ်စု တည်ရှိနေသမျှ ကာလပါတ်လုံး ဒီစစ်အုပ်စု နိုင်ငံရေးမှာပါဝင်နေသမျှ ကာလပါတ်လုံးကတော့ ဒီလိုမျိုးမတရားတဲ့ကိစ္စတွေ၊ လူတွေကို ဖမ်းဆီးသတ်ဖြတ် တာတွေကို အမြဲတမ်း လုပ်နေဦးမှာဖြစ်တယ်။

ဒါကြောင့် ကျမတို့ တော်လှန်ရေးကို ဆင်နွှဲတယ်ဆိုတဲ့ နေရာမှာပေါ့နော် တော်လှန်ရေးသမားတွေ၊ နိုင်ငံရေး သမားတွေချည်းပဲ မရဘဲ ဒီစုစည်း ညီညွတ်တယ်ဆိုတဲ့ အင်အားနဲ့ ဘက်ပေါင်းစုံနဲ့ လှုပ်ရှားရမယ်။ ပြီးတဲ့အခါ ကြတော့ ဒီပြည်သူတွေ ကိုယ်တိုင်ကလည်း ပူးပေါင်းပါဝင်ပြီး လူထုလှုပ်ရှားမှု၊ နိုင်ငံရေးလှုပ်ရှားမှု၊ စစ်ရေး လှုပ်ရှားမှု၊ သံတမန်ရေး လှုပ်ရှားမှုတွေနဲ့ ပေါင်းစပ်ပြီးသွားမှသာလျင် ကျမတို့လိုချင်တဲ့အခြေအနေကို ရောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲ့လိုမှ မဟုတ်ရင်တော့ အခုကျမတို့ မကြုံချင်မကြားချင် မဖြစ်ချင်တဲ့ ကိစ္စတွေက မကြာခဏဖြစ်နေဦးမှာပဲ ဖြစ်တယ်ပေါ့နော်။ နောက်တခုက နိုင်ငံတကာရဲ့အခြေအနေ၊ စစ်မှုထမ်း ဥပဒေဆိုတာက ကျမမှတ်သားမိ သလောက်ဆိုရင် ၄၉ နိုင်ငံလောက်မှာ ရှိတယ်လို့ဆိုတယ်။ အဲ့လိုဆိုတော့ နိုင်ငံတကာအနေနဲ့ ကြည့်မယ်ဆိုရင် သူ့ပြည်တွင်းမှာ သူ့ပြည်သူတွေကို စစ်မှုထမ်းဥပဒေကို ထုတ်ပြန်တာ ဘာဖြစ်လဲဆိုတာမျိုးတွေ ဖြစ်တယ်။ သို့သော်လည်း ကျမတို့နိုင်ငံရဲ့ တကယ့်လက်တွေ့ အခြေအနေက အဲ့လိုမျိုးမဟုတ်ဘူး။ နိုင်ငံကို တခြားရန်တွေကနေ ကာကွယ်ရတာမျိုး မဟုတ်ဘဲနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့ အနေအထားမျိုး ဖြစ်တယ်။

အဲ့ဒီမှာ အမိန့်အာဏာနဲ့ လုပ်ပိုင်ခွင့် တစုံတရာရှိတဲ့ အုပ်စုကနေပြီးတော့ စစ်သားတွေစုဆောင်းပြီးတော့ အတင်း စစ်တိုက်ခိုင်းမယ်ဆိုရင် နိုင်ငံရဲ့အခြေအနေ ပိုပြီးဆိုးဆိုးရွားရွားနဲ့ အခြေအနေတွေ ဖရိုဖရဲဖြစ်သွားနိုင်တဲ့ အနေအထားဖြစ်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာအနေနဲ့ဆိုရင်လည်း ကျမတို့နိုင်ငံကို တကယ်တမ်း အေးချမ်း စေချင်တယ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမျိုး ဖြစ်စေချင်တယ်ဆိုရင် ဒီစစ်အုပ်စုကို နိုင်ငံရေးမှာ ရှိမနေဖို့ ဝိုင်းဝန်းကူညီကြဖို့လိုတယ်။ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်အရေးတွေမှာ စစ်အုပ်စုဘက်က ရပ်တာ မဟုတ်ဘဲနဲ့ ဒီမိုကရေစီ အင်အားစုတွေဘက်ကနေပြီးတော့ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ လိုတယ်ဆိုတာကိုလည်း ကျမတို့ထောက်ပြချင်တဲ့ အတွက်ကြောင့်မို့လို့ ဒီ statementကို အဖွဲ့အစည်းတွေကို ဝိုင်းဝန်းဆွေးနွေး တိုင်ပင် ပြီးတော့မှ တစ်လုံးချင်း တစ်လုံးချင်း စဉ်းစားပြီးတော့မှ ဒီကြေညာချက်ကို ထုတ်လိုက်ခြင်း ဖြစ်ပါတယ်။ နောက်ဆုံးတခုအနေနဲ့ကတော့ ဒီမတရားတဲ့ အမိန့်အာဏာတွေကို ကျမတို့အားလုံးက ဝိုင်းဝန်းပြီးတော့ တိုက်နေကြ၊ ဖီဆန်ကြရမှာ ဖြစ်တယ်။ အဲ့လိုမှမဟုတ်ရင်တော့ ကျမတို့ကရှေ့ဆက်ပြီး ဒီလိုဟာမျိုးတွေ အများကြီးကြုံလာရဦးမှာဖြစ်တာကြောင့် ဒီလိုမျိုး ဖီဆန်ကြဖို့၊ ဆန့်ကျင်ကြဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်ရှင့်။

မေး။ ။ ထုတ်ပြန်ချက်ထဲမှာ စစ်မှုမထမ်းချင်ဘဲ သာမာန်အရပ်သားအဖြစ်သာ နေထိုင်လိုသူတွေအတွက် ထည့်သွင်းစဉ်းစားထားတာကို တွေ့ရတယ်။ ဒါက ဘယ်အချက်တွေကို အခြေခံပြီး ထည့်သွင်းစဉ်းစားခဲ့တာပါလဲ။

ဖြေ။ ။ ဒါကတော့ ဘယ်လိုအခြေအနေမျိုးမှာ မဆိုပေါ့နော်၊ နိုင်ငံရေးမှာ မပါဝင်မပတ်သက်ချင်တဲ့သူတွေ ရှိတယ်ပေါ့နော်။ ဒါက သူ့ရဲ့‌ရွေးချယ်မှု ဖြစ်တယ်။ နောက်တခုက နိုင်ငံရေးမှာ ပါဝင်ပတ်သက်သော်လည်း စစ်မှုထမ်းရမယ့်အလုပ်ကို မလုပ်ချင်တဲ့သူများလည်း ရှိနိုင်ပါတယ်။ မိသားစုအခြေအနေအရလည်း ဒါမျိုးကို မလုပ်နိုင်တဲ့သူတွေ မလုပ်ချင်တဲ့သူတွေ အများကြီးရှိနိုင်ပါတယ်။ အခုစစ်တပ်က ဒီဟာကိုအတည်ပြုလိုက်တာက ဖမ်းခွင့်လိုင်စင်၊ ငွေညှစ်ခွင့်လိုင်စင်၊ ပေါ်တာဆွဲခွင့်တွေပဲ ဖြစ်တယ်။ အဲ့ဒါတွေကို ရှောင်ချင်တဲ့သူတွေထဲမှာ PDF ထဲ ဝင်မယ်၊ ဒီကောင်တွေကို လက်နက်ကိုင်ပြီး ပြန်ချမှရမယ်ဆိုတဲ့ သူတွေလည်း ရှိနိုင်သလို တပြိုင်နက်ထဲမှာပဲ ဒါမျိုးကို မလုပ်ချင်တဲ့သူတွေလည်း ရှိနိုင်တယ်။ ဒါကြောင့်မို့ ကျမတို့က သူရဲ့ဆုံးဖြတ်ချက် ရွေးချယ်ခွင့်ကို လေးစားသင့်တယ်။ ဒါကိုအလေးထားပြီးတော့ ဒီလိုလူမျိုးတွေအတွက်လည်း ကျမတို့ထည့်သွင်း စဉ်းစားပေးရ ခြင်း ဖြစ်ပါတယ်။

မေး။ ။ သာမန်အရပ်သားအဖြစ်သာ အခြေချနေထိုင်ကြချင်သူတွေထဲမှာ လူပေါင်းစုံပါဝင်လာနိုင်တာမျိုးလည်း ရှိနိုင်တော့ ဒီပေါ်မှာ စိစစ်ဖို့၊ ဒီအချက်ကို အကောင်အထည်ဖော်ဖို့ကရော လက်တွေ့မှာ ဖြစ်လာနိုင်ပါ့မလား။

ဖြေ။ ။ ဟုတ်ကဲ့ စိန်ခေါ်မှုနဲ့ အခက်အခဲကတော့ တော်တော်ကြီးကြီးမားမားရှိမှာ ဖြစ်ပါတယ်။ ဥပမာ လာမယ်ဆိုတဲ့သူကရော ဘယ်လောက်လာနိုင်မလဲ၊ ဥပမာ ဘယ်နှစ်သိန်း ဖြစ်မလဲပေါ့။ အဲ့လိုဖြစ်မယ်ဆိုရင်လည်း လက်ခံတဲ့ အဖွဲ့အစည်းတွေက အကန့်အသတ်ရှိမှာပဲ။ အကုန်လုံးလည်း လက်ခံချင်မှလက်ခံမယ်။ အဲ့ဒီလို လာတဲ့သူတွေထဲမှာလည်း အရင်ကလည်းဖြစ်ခဲ့တဲ့ နမူနာတွေလည်း ရှိပါတယ်။ ဒလန်တွေထည့်တာ ဘာညာ စသဖြင့်ပေါ့နော် ဒါမျိုးတွေလည်း ရှိနိုင်ပါတယ်။ ကျမတို့မှာ ဒီအခက်အခဲတွေကိုတွေးပြီး ပြင်ဆင်ထားဖို့လိုသလိုပဲ တဖက်ကလည်း တွေးပြီးကြောက်နေမယ်ဆို ဘယ်အလုပ်မှ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အခြေအနေနဲ့ အချိန်အခါနဲ့မှာ ဘာတွေလုပ်နိုင်ကြမလဲဆိုတာကို သတိကြီးကြီးနဲ့ထားပြီး လုပ်ကိုင်ရလိမ့်မယ်လို့ ထင်ပါတယ်။ သေချာချင့်ချိန် စဉ်းစားပြီးတော့ လုပ်ကိုင်ဆောင်ရွက်ကြဖို့ လိုတယ်လို့ ထင်ပါတယ်။

တကယ်လို့ လူပေါင်းစုံ ပါလာပြီး စစ်အုပ်စုဘက်က ထည့်လွှတ်လိုက်တဲ့သူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ အဲ့ဒီလူတွေက အချိန်အကြာကြီးတော့ မြုပ်ထားလို့မရဘူး။ အချိန်တန်ရင် ပေါ်မှာပဲလေ။ အဲ့ကြရင်သူတို့အတွက် ထိုက်သင့်တဲ့ အနေအထားမျိုးကတော့ ဖြစ်သွားလိမ့်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုရင် တော်လှန်ရေးကိုပဲ ကြည့်လိုက်လေ၊ တကယ်တမ်းဆိုရင် တော်လှန်ရေးမှာဆိုရင် ပြည်သူတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော် ခဲ့ကြတာပဲ။ အဲ့လိုထုတ်ဖော်ခဲ့တာတွေကို စစ်တပ်ရဲ့ ရက်ရက်စက်စက် ဖြိုခွင်းမှုကြောင့် လက်နက်ကိုင် တော်လှန်ရေးအထိ ရောက်လာရတာဖြစ်တယ်။ တော်လှန်ရေး အရှိန်တွေမြင့်လာ မြင့်လာတာက စစ်အုပ်စုရဲ့ ဖိနှိပ်မှုတိုးလာ တိုးလာတာဖြစ်တာကြောင့် တော်လှန်ရေးအဆင့်မြှင်ဖို့က ရန်သူကတင်ပေးခဲ့တာ စစ်အုပ်စုက တင်ပေးခဲ့တာပဲ ဖြစ်တယ်။ အဲ့ဒီပေါ်မှာလည်း ဘယ်လိုတွေ လုပ်ရမလဲဆိုတာကို လုပ်ငန်းလက်တွေ့ကနေ ရလာ လိမ့်မယ်လို့ ကျမက အဲ့လိုပဲယုံကြည်ပါတယ်။

မေး။ ။ စစ်အုပ်စုရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းခြင်းနဲ့ အချက်အလက်ကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းတွေ ကြန့်ကြာစေဖို့နဲ့ မအောင်မြင်ဖို့အတွက် “မပူးပေါင်းဘူး၊ မပါဝင်ဘူး” ဆိုတဲ့ ဘူးသပိတ်ကို ဆင်နွှဲကြဖို့လည်း တိုက်တွန်းထားတယ်ဆိုတော့ ဒီအချက်က စစ်အုပ်စုနဲ့ လက်တွေ့ရင်ဆိုင်ရနေရတဲ့ ပြည်သူတွေအတွက်က အမှန်တကယ် လိုက်လုပ်ဆောင်နိုင်ဖွယ် ရှိတယ်လို့ရော ထင်မြင်ပါလား။

ဖြေ။ ။ ကျမတို့က ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စတွေ၊ လုပ်လို့ရနိုင်တဲ့ ကိစ္စတွေကိုတော့ စဉ်းစားပြီးတော့ ပြောတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ဘယ်လောက်ထိလုပ်ရမယ် ဘယ်လိုလုပ်ရမလဲ ဆိုတာက လက်တွေ့တွေကနေ သင်ပေးသွားမှာ ဖြစ်ပါတယ်။ ဥပမာ အခုကြားနေရတဲ့သတင်းတွေအရဆိုရင် ရပ်/ကျေးတွေမှာ လူဘယ်လောက် စုပေးရမလဲဆိုတဲ့ကိစ္စတွေ ရှိတယ်။ တာဝန်ခံပြီး စုပေးရမယ့် အုပ်ချုပ်ရေးမှူး လိုမျိုး၊ ဆယ်အိမ်မှူးလိုမျိုးတွေကို ပိုက်ဆံပေးရတာမျိုးတွေ ရှိနိုင်တယ်။ အဲ့ဒီအစားကို လမ်းပေါ်မှာ သွားလာနေတဲ့ သူတွေထဲကနေပြီးတော့ တချို့ကိုဖမ်းဆီးပြီး ဒီလူတွေအစားထိုး ထည့်လိုက်တာမျိုးလည်း ဖြစ်နိုင်တယ်။ အဲ့လို အခါမျိုးမှာ ဒီလူတွေက ဒီစစ်အုပ်စုရဲ့လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဖို့ကို လက်မခံဘူးဆိုတာကို ထင်ထင်ရှားရှား ပြဖို့လိုပါတယ်။ လက်တွေ့မှာ ဘယ်လိုတွေ လုပ်ရမလဲဆိုတာကိုတော့ အားလုံးက ဝိုင်းပြီးစဉ်းစား ကြရမှာဖြစ်တယ်။ ဒါပေမယ့် ကျမတို့ပြောချင်တဲ့ အဓိကအချက်က လူထုက ဒါတွေကိုလက်မခံဘူး၊ ဘယ်လို နည်းနဲ့မှ ဒါတွေက မဖြစ်သင့်တဲ့နည်းလမ်းတွေ ဖြစ်တယ်ဆိုတာကို လုပ်ကြဖို့ အဲ့ဒါကိုရည်ရွယ်ခြင်း ဖြစ်ပါတယ်။

မေး။ ။ တော်လှန်ရေးအဖွဲ့အစည်း စိုးမိုးနယ်မြေတွေမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ပပျောက်အောင် ပြင်ဆင်ဆောင်ရွက်ရမယ်လို့ တိုက်တွန်းထားတော့ ဘယ်လိုပုံစံမျိုးနဲ့ ဒါကိုပြင်ဆင်ဆောင်ရွက်သင့်လဲဆိုတာ အကြံပြု ပြောပေးပါဦး။

ဖြေ။ ။ ကျမတို့က အခုစစ်အုပ်စုကို တော်လှန်ကြတယ်။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့ လုပ်နေတဲ့ထဲမှာ ဒါတွေလည်း ပါဝင်ပါတယ်။ ဒီစစ်အာဏာရှင်စနစ် အမြစ်တွယ်လာတဲ့အကြောင်းရင်းကိုက ဖိုဝါဒီကို အခြေခံတာကိုး။ လက်နက်အားကိုးနဲ့ အားကြီးတဲ့သူက အားနည်းတဲ့သူကို ဖိနှိပ်တဲ့ဟာက အမြဲတမ်း ရှိခဲ့တယ်။ အမျိုးသမီးများအ‌ပေါ်မှာ သဘောထားမမှန်ကန်မှုကလည်း အမြဲတမ်းရှိခဲ့တယ်။ အရင်တုန်းကတော့ သတင်းအချက်အလက်၊ နည်းပညာအရ သူတို့ကျူးလွန်ခဲ့တဲ့ဟာတွေက ပေါ်ပေါက်ခဲ့တာမရှိဘူး။ ပျောက်ကွယ် ခဲ့တာတွေ အများကြီးရှိခဲ့တယ်။ အခုနောက်ပိုင်း သတင်းအချက်အလက်တွေ များလာတဲ့အချိန်မှာတော့ သူတို့ရဲ့ ကျူးလွန်မှုက အများအပြား တွေ့ရတယ်။

အဲ့တော့ ကျမတို့က ဒီလိုမျိုး စစ်အုပ်စုကို မကြိုက်လို့ တော်လှန်တဲ့ အချိန်မှာ တချို့နေရာမှာ ကျမတို့ကြားရတာ တွေရှိတယ်၊ လူတွေကတော့ ပြောကြတယ် ‌တော်လှန်ရေးကို အနှောက်အယှက်ဖြစ်မယ်၊ ဒါမျိုးတွေ မပြောကြနဲ့ တဲ့ တော်လှန်ရေးပြီးမှ ပြောဆိုပြီးပေါ့။ ဒါပေမယ့် ကျမတို့ အဲ့လိုတော့ မစဉ်းစားဘူး။ ဘာကြောင့်လဲဆိုရင် ဒီလို ကိစ္စမျိုးတွေက နောက်မှပြောဆိုရင် သိပ်နောက်ကျ သွားပြီ။ ကျူးလွန်ခံရသူက ကျူးလွန်ခံရပြီးပြီ။ စစ်အုပ်စုကို တော်လှန်တဲ့အခါမှာ စစ်အုပ်စုနဲ့ အလားသဏ္ဍာန်တူတဲ့ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့နော် စစ်အုပ်စုပဲဖြစ်ဖြစ်၊ တော်လှန်ရေးဘက်ကပဲဖြစ်ဖြစ် မကျူးလွန်ကြဖို့ လိုတယ်။ အဲ့ဒါတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း မယ့် ယန္တရားမျိုးဖြစ်မှသာလျင် ပြည်သူတွေကြားထဲမှာ လုံခြုံစိတ်ချရတဲ့ အနေအထား၊ တော်လှန်ရေးအုပ်စုတွေ ကြားထဲမှာ လုံခြုံစိတ်ချရတဲ့ အနေအထားမျိုး ဖြစ်နိုင်မယ်လို့ ကျမကတော့ယူဆပါတယ်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here