ရာချီပိတ်မိနေဆဲဖြစ်သည့် ဝိုင်းမော်၊ အောင်မြေ (၂) ကျေးရွာခံများ ရွာထဲကထွက်လာရင် ပစ်သတ်မယ်လို့ စစ်ကောင်စီတပ်ပြောဆို

0
129
ပုံစာ - ပိတ်မိနေသည့် ဝိုင်းမော်၊ အောင်မြေ (၁) ကျေးရွာခံပြည်သူများကို ဘာသာရေးခေါင်းဆောင်များက လာရောက်ကယ်ထုတ်စဉ်။ (Photo - Sama Muna)

တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့် ကချင်ပြည်၊ ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ကျေးရွာမှ ဒေသခံပြည်သူများကို ကယ်ထုတ်ခွင့် မပေးသည့်အပြင် ရွာထဲကထွက်လာလျှင် ပစ်သတ်မည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ကူညီကယ်ဆယ်ပေးနေသူများက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က စတင်၍ ပိတ်မိနေသည့် အောင်မြေ (၂) ဒေသခံပြည်သူများကို ရွာထဲကနေ ထွက်လာလို့မရရန် ရွာထွက်ပေါက်နေရာအားလုံးကို ဝါးလုံးတန်း ပိတ်ဆို့ကာထားတာဖြစ်ပြီး မတ်လ ၁၁ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်အထိ ဒေသခံပြည်သူများအား ကယ်ထုတ်ပေးရန် ညှိနှိုင်းလို့မရသည့် အခြေအနေ ရှိနေကြောင်း ညှိနှိုင်းကူညီပေးနေသည့် တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

“နည်းလမ်းတွေရှာပေမယ့် ထွက်ရင်ပစ်မယ်ဆိုတဲ့ အနေအထားမှာ ရှိနေတယ်။ စစ်တပ်က ရွာသားတွေအားလုံးကို ရွာဘုန်းကြီးကျောင်းတွေမှာ ပိတ်ထားပြီးတော့ သူတို့ကရွာထဲမှာ စစ်ရေးလှုပ်ရှားနေကြတယ်။ အောင်မြေ (၁) တို့ ထွက်မယ်ဆိုရင်လည်း ဝါးလုံးတန်းပိတ်ထားတယ်။ ရွာသားတွေနဲ့ ဘာသာရေးဆိုက်တွေနဲ့ ညှိနှိုင်းကြည့်တယ်။ ဘယ်လိုညှိညှိ အဆင်မပြေဘူး။ နောက်ဆုံး PCG နဲ့ ညှိနှိုင်းပေမယ့် တိုင်းမှူးက အဖြေမပေးသေးဘူး” လို့ အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ပိတ်မိနေသည့် အောင်မြေ (၂) ဒေသခံပြည်သူများအား ရွာထဲကနေ ကယ်ထုတ်ရန်အတွက် ဒေသဘုန်းတော်ကြီး ဆရာတော်များ၊ ဘာသာရေးအဖွဲ့အစည်း တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်နေသလို ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ကပါ ထပ်မံညှိနှိုင်းပြောဆိုနေပေမယ့် ကချင်ပြည်နယ်တိုင်းမှူးက တစုံတရာ ပြန်လည် ပြောကြားပေးခြင်း မရှိသေးဟု ဆိုသည်။

မတ်လ ၁၁ ရက်နေ့အထိ အောင်မြေ (၁)၊ အောင်မြေ (၂) ကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ယခုလို ကျေးရွာအတွင်း၌ ဒေသခံရွာသားများ ပိတ်ဆို့ခံထားရတာကြောင့် အစားအသောက်များ ပြတ်လပ်သည့်အပြင် ရွာသားတချို့က လက်နက်ကြီးထိမှန် သေဆုံးသွားသူတွေလည်း ရှိနေတယ်လို့ ၎င်းက ဆက်ပြောသည်။

“ဒေသခံတွေ ထွက်ချင်တာက ရွာထဲမှာ အစားအသောက်ခက်တယ်။ ကလေးတွေ ဒုက္ခရောက်နေတယ်။ ရွာထဲမှာ သေဆုံးတဲ့သူတွေလည်း ရှိနေတယ်။ သေဆုံးတဲ့သူတွေကိုတောင် ရွာရဲ့ခြံဝင်းနေရာတွေမှာ မြေမြှုပ်သဂြိုလ် ခိုင်းတယ်။ ဘယ်လိုမှ ထွက်လို့မရဘူး။ မြောက်ပိုင်းဘက်ကလည်း လက်နက်ကြီးပစ်တယ်။ လေကြောင်းနဲ့လည်း ဗုံးလာကြဲတယ်။ ဒရုန်းနဲ့လည်း ပစ်ခံရတယ်။ မြေပြင်မှာလည်း ပစ်ခတ်နေကြတော့ ရွာသားတွေက ကြောက်ပြီး အကုန်ထွက်ချင်ကြတယ်” လို့ အဆိုပါတာဝန်ရှိသူက ပြောဆိုသည်။

အောင်မြေ (၂) ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လက်ရှိတွင် ဒေသခံရွာသားများအားလုံးနီးပါးသည် ထွက်လာလို့ မရအောင် ပိတ်ဆို့ခံထားရခြင်း ဖြစ်သည်။

ပိတ်ဆို့ခံထားရသည့် အောင်မြေ (၂) ဒေသခံပြည်သူများ အမြန်ဆုံးထွက်လာနိုင်ဖို့ရန် ကချင်ပြည်နယ် ဝန်းကြီးချုပ် အပါအဝင် တိုင်းမှူးကို တင်ပြထားဆဲဖြစ်ပြီး တာဝန်ရှိသူများဘက်ကနေ ပြန်လည်ပြောကြားလာမှုကို စောင့်ဆိုင်း နေရသည့် အခြေအနေဖြစ်တယ်လို့ ညှိနှိုင်းဆောင်ရွက်ပေးနေသည့် ဝါးရှောင်ဆရာတော်က အခုလိုပြောပါသည်။

“ပြောထားတာက ဝန်ကြီးချုပ်ကိုလည်း ပြောထားတယ်။ ဝန်ကြီးချုပ်က တရားဝင်ဖြစ်အောင် စာတင်ပေးမယ်ပေါ့။ တိုင်းမှူးဆီကိုလည်း ပြောထားခိုင်းတယ်။ နောက် PCG ကိုလည်း ပြောခိုင်းထားတယ်။ KIA ကိုလည်း တိုက်ပွဲ မဖော်ဆောင်ပေးဖို့ ပြောထားတယ်။ ဘုန်းဘုန်းတို့သွားကယ်ဖို့ စောင့်နေကြတယ်။ အဓိကတော့ တိုင်းမှူးရဲ့ ပြောဆိုလာတာကို စောင့်နေတာပေါ့” လို့ ဝါးရှောင်ဆရာတော်က ပြောပါသည်။

တိုက်ပွဲကြောင့် အောင်မြေ (၂) ရွာထဲတွင်ရှိသည့် ရေတိုင်ကီများ ပျက်စီးသွားတာကြောင့် တရွာလုံးက ရေတင်လို့ မရသည့်အပြင် အစားအသောက်များလည်း ပြတ်လပ်နေပြီဖြစ်လို့ ဒေသခံများကို ရအောင်ကယ်ထုတ်ရန် ကြိုးစား လုပ်ဆောင်နေဟုလည်း ဝါးရှောင်ဆရာတော်က ဆက်ပြောသည်။

အောင်မြေ (၁) ဒေသခံပြည်သူ စစ်ဘေးရှောင် ၁၀၀၀ ခန့်ကို မတ်လ ၁၀ ရက်နေ့က ဆွမ်မားဇုံနယ် KBC နှစ်ခြင်း အသင်းတော်က ဦးဆောင်ပြီး ဝိုင်းမော်မြို့နယ် စန်ကားနဲ့ နောင်ချိန်း စသည့် ကျေးရွာ ၂ ခုသို့ ကယ်ထုတ်နိုင်ပြီဖြစ်သည်။

ထပ်မံကယ်ထုတ်ရန် ကျန်ရှိနေသည့် အောင်မြေ (၂) ကျေးရွာ ဒေသခံပြည်သူများကို ကယ်ဆယ် ထုတ်နိုင်ရေးအတွက် တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။

လက်ရှိ၌ အောင်မြေ (၂) ကျေးရွာတွင် စစ်ကောင်စီတပ်က စစ်အင်အား ၂၀၀ ဝန်းကျင်ရှိနေပြီး၊ ကချင် လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များက အောင်မြေ (၁) ကျေးရွာတွင် ရှိနေကြကြောင်းနှင့် KIA ထိန်းချုပ်ထားသည့် အောင်မြေ (၁) ကျေးရွာကို ပြန်လည်ရရှိဖို့ရန်အတွက် အောင်မြေ (၂) ဒေသခံပြည်သူများကို အကာကွယ်ယူပြီး KIA ရှိရာဘက်ကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံတွေကပြောဆိုသည်။

ဝိုင်းမော်မြို့နယ်ထဲ၌ ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က စပြီး ရွှေညောင်ပင် စစ်ကောင်စီတပ်စခန်းနှင့် အောင်မြေ (၂) လီဆူပြည်သူ့ စစ်တပ်စခန်းကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မတ်လ ၁၁ နေ့အထိ နှစ်ဖက်တပ်ကြား စစ်ရေး တင်းမာနေသည့်အပြင် တိုက်ပွဲပြင်းထန်နေဆဲလည်း ဖြစ်သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here