ကျောက်တော်မြို့မှနေရာအချို့ကို စစ်ကောင်စီရဟတ်ယာဉ်ဖြင့် ညအချိန် ဗုံးကြဲတိုက်ခိုက်

0
167
Photo – Social Media (ပုံဟောင်းဖြစ်သည်)

ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ပြီးနောက် ကျောက်တော်မြို့နယ်မှ နေရာအချို့ကို စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၉နာရီခန့်က စစ်ကောင်စီရဟတ်ယာဉ်တစ်စီးဖြင့် ကျောက်တော်မြို့အနီးကို ဗုံးလာကြဲချခဲ့သည်ဟု ကျောက်တော်မြို့ခံတစ်ဦးက အခုလိုပြောသည်။

“မနေ့ညက မြို့အနီးနားကို ဗုံးလာချတာ မှန်တယ်။ ပိုက်သည်ရပ်ကွက်ဘက်မှာကျလို့ မွတ်စလင် ရွာသားတချို့ သေတယ်။ တချို့ဒဏ်ရာရတယ်လို့ ကြားတယ်။ မနေ့က ဗုံးချတာမှာ တံတားကိုတော့ မထိခဲ့ပါဘူး” ဟု အဆိုပါမြို့ခံက ပြောသည်။

တံတား ဗုံးထိမှန်သည့်ပုံမှာ ယခင်တိုက်ပွဲအတွင်းက လက်နက်ကြီးကျည် ထိမှန်ခဲ့သည့်ပုံ ဖြစ်သည်ဟု ဒေသခံသတင်းအရင်းအမြစ်တစ်ခုကလည်း ပြောသည်။

“ကျောက်တော်တိုက်ပွဲကာလအတွင်းက တံတားဦး၊ ပိန္နဲချောင်းမှာဖြစ်တုန်းက လက်နက်ကြီးကျည် ကျတာလို့ ယူဆရတယ် ။ ကျောက်တော်မြို့ဘက်အခြမ်း မဟုတ်ဘူး။ ကျောက်တော်တောင်စေတီဖက် တံတား အရှေ့ဘက်အခြမ်းက လက်နက်ကြီးကျည်ကျတာပါ” ဟု အဆိုပါဒေသခံသတင်းအရင်းအမြစ် ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း အပေါက်ဝရွာ အနီးအနားဝန်းကျင်ကို စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့သည်ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောပါသည်။

“လွန်ခဲ့တဲ့သုံးရက်လောက်က အပေါက်ဝရွာ အနီးအနားကရွာတွေဘက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုဖြစ်စဉ် ရှိခဲ့တယ်။ ဒဏ်ရရတဲ့ အရပ်သားတွေရှိခဲ့တယ်။ အသေအပျောက်တော့ မရှိဘူး” ဟု ၎င်းက ပြောသည်။

ရခိုင်တပ်တော်မှ သိမ်းပိုက်ထားသည့်မြို့များကို စစ်ကောင်စီမှ ထပ်မံတိုက်ခိုက်လာနိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မြို့ပေါ်သို့ ပြန်မလာကြရန် ရက္ခိုင့်တပ်တော်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

“စစ်ကောင်စီက ထပ်ပြီးတိုက်ခိုက်လာနိုင်တယ်လို့ သုံးသပ်ထားတဲ့အတွက် အခုလက်ရှိ ရှောင်နေတဲ့ နေရာမှာပဲ နေကြပါလို့ ပြောချင်ပါတယ်။ ရှေ့မှာလည်း သာဓကတွေရှိတယ်။ ရမ်းဗြဲ၊ ပေါက်တောတို့၊ ပလက်ဝတို့ ဆိုရင်လည်း တိုက်ပွဲပြီးသွားရင်လည်း စစ်ကောင်စီကဗုံးကြဲ တိုက်ခိုက်တာမျိုးတွေ ရှိတယ်။ သူတို့က လမ်းကြုံရင်ကြုံသလို ပြည်သူတွေကို တိုက်ခိုက်နေတဲ့အတွက် သတိထားဖို့တော့လိုပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ဖေဖော်ဝါရီ ၉ ရက်နေ့က ဗုံးကြဲခံရသည့်ကျေးရွာများမှာ အပေါက်ဝ၊ ဒုက္ကန်ချောင်း၊ နေပူခံ၊ လမုတပင်၊ ကျောက်ဖြူရွာ စသည့် ကုလားတန်မြစ်တလျှောက်ရှိ ကျေးရွာများဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့ရှိ နောက်ဆုံးလက်ကျန် ခမရ (၃၇၅) တပ်ရင်းနှင့် စကခ (၉) တို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့ ကတည်းက ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။

ရက္ခိုင့်တပ်တော်မှ အာရက္ခစစ်သည်တော်များသည် မြစ်အတွင်း စစ်ကောင်စီ တိုက်ခိုက်ရေးစစ်သင်္ဘော (၃) စင်းကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည့်အပြင် အခြားစစ်သင်္ဘောတစ်စီးကိုလည်း ထိခိုက်ပျက်စီးအောင် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here