ကျောက်ဖြူ-ရန်ကုန်လေယာဉ်ခရီးစဉ် သာမန်အရပ်သားများကို စီးနင်းခွင့်ပြုတော့မည်မဟုတ်ဟုဆို

0
296

ရခိုင်ပြည်၊ ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် လိုက်ပါမည့် သာမန်ခရီးသွားပြည်သူများအနေဖြင့် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ ခွင့်ပြုချက်ပါမှသာ လေယာဉ်ဖြင့် လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

အလားတူ Myanmar Airways International (MAI) လေကြောင်းလိုင်းကလည်း လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူထားသည့် ခရီးသည်များအနေဖြင် မိမိတို့စီးနင်လိုက်ပါမည့် လေယာဉ်ခရီးစဉ် မတိုင်ခင် ကြိုတင်ပြီး ခရိုင်ထွေအုပ်ရုံး၏ ခွင့်ပြုချက်တောင်းယူကြပါရန် ခရီးသည်များနှင့် လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များကို အသိပေးစာ ထုတ်ပြန်ပြောဆိုထားသည်ကို တွေ့ရသည်။

လေကြောင်းခရီးစဉ်ဖြင့်လည်း ကျန်းမာရေးမကောင်းသည့်သူများ၊ ကျောင်းတက်နေသည့် ကျောင်းသူ ကျောင်းသားများနှင့် ခွင့်ပြုချက်ရရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများကိုသာ လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ပြီး သာမန် မည်သည့်ခရီးသည်ကိုမျှ လိုက်ပါစီးနင်ခွင့်ပြုမည် မဟုတ်ကြောင်းလည်း ထိုထုတ်ပြန်ချက်တွင် အသိပေး ရေးသားထားသည်။

ထိုသို့အသိပေးထုတ်ပြန်မှုကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် အစည်းအဝေး၌ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ လာမည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့က စတင်ပြီး ကျောက်ဖြူမြို့မှ ရန်ကုန်သို့ လိုက်ပါမည့် ခရီးသည်များအနေဖြင့် ခရီးသွားမည့်ရက် မတိုင်မီ လေကြောင်းလိုင်းဖြင့် စီးနင်းခွင့် လက်မှတ်အား ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးသို့ သွားရောက်တင်ပြ တောင်းခံရမည်ဟု ဆိုသည်။

ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး၏ ခွင့်ပြုချက်လက်မှတ် မရရှိသည့် ခရီးသည်များအနေဖြင့် လေကြောင်းလိုင်း ခရီးစဉ်တွင် လိုက်ပါခွင့်ပြုတော့မည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here