မော်လမြိုင်မြို့ပေါ်တွင် စစ်ဆေးရေးတင်းကြပ်ပြီး ငွေညှစ်တောင်းခံမှုပိုဆိုးလာ

0
157

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ရှောင်တခင် စစ်ဆေးရေးလုပ်ဆောင်ရာတွင် မှတ်ပုံတင်မပြနိုင်သူများကို ငွေညှစ်တောင်းခံနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူတို့၏ ပြောကြားချက်အရ သိရသည်။

မော်လမြိုင်မြို့ပေါ်တွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် မြို့အနှံ့ စစ်ဆေးမှုများ တင်းကြပ်ထားသလို သွားလာသူများကိုလည်း နေ့ရောညပါ စစ်ဆေးနေသည်ဟု မြို့ခံများက ပြောဆိုသည်။

ထိုသို့ စစ်ဆေးရာတွင် ဘာမှတစုံတရာ မတွေ့ရှိရပါကလည်း မှတ်ပုံတင်တောင်း စစ်လေ့ရှိကြောင်း မှတ်ပုံတင် မပါလာသည့်အခါ ငွေညှစ်တောင်းခံကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

“ဖုန်းကို စစ်တယ်။ အဓိက ဖုန်းထဲမှာ ဓါတ်ပုံတွေ၊ Massager တွေကို စစ်တယ်။ မေးတယ်။ ယောက်ျားလေး နှစ်ယောက်ဆိုရင် ပိုစစ်တယ်။ ဘာမှမတွေ့ဘူးဆိုရင် မှတ်ပုံတင်တောင်းတယ်။ မှတ်ပုံတင် မပါဘူးဆိုရင်တော့ ပိုက်ဆံတစ်သောင်းကျပ် တောင်းတယ်” ဟု ၎င်းမြို့ခံက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက လုံခြုံရေးအကြောင်းပြပြီး ပြည်သူများအပေါ် ငွေညှစ်တောင်းခံမှုမှာ ပိုမိုဆိုးရွားလာသည်ဟုလည်း ယင်းမြို့ခံက ဆက်ပြောသည်။

ထို့ပြင် မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များ၊ လုံခြုံရေးဂိတ်များတွင်လည်း စစ်ကောင်စီတပ်၊ ရဲနှင့် လုံခြုံရေးတပ်ဖွဲ့တို့က အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးတောင်းခံမှုများ လုပ်ဆောင်နေရာတွင် ကျပ်ငွေသိန်းဂဏန်းထိ ပေးဆောင်ရသည်လည်း ရှိကြောင်း မြို့ခံများထံမှ သိရသည်။

မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် မော်လမြိုင်မြို့တွင် စစ်ကောင်စီက လုံခြုံရေး တိုးမြှင့်ထားသည့်အပြင် ရှာဖွေစစ်ဆေးမှုများလည်း တင်းကြပ်လာကြောင်း မြို့ခံများက ပြောဆိုသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here