“နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမယ်ပြောတဲ့ အကြမ်းဖက်စစ်ကောင်စီအနေနဲ့က သူက နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ဘူး။ ပြောမယ်ဆိုရင် ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလည်း မဟုတ်သလို ပြည်သူကို ကိုယ်စားပြုထားတဲ့ အစိုးရလည်းမဟုတ်ဘူး။ ဒါကြောင့်မို့ သူဟာနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့အတွက် တရားဝင် အဖွဲ့အစည်း မဟုတ်ဘူး” ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခ

0
440
ပုံစာ - ရက္ခိုင့်တပ်တော် AA ပြောခွင့်ရဦးခိုင်သုခ။

နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ စစ်ခေါင်းဆောင်ရဲ့ပြောဆိုချက်အပေါ် AA ရဲ့တုံ့ပြန်ချက်နဲ့ ရခိုင်ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး AA ပြောခွင့်ရဦးခိုင်သုခနဲ့ ဆက်သွယ်မေးမြန်းချက်။

နိုင်ငံအနှံ့ထိုးစစ်တွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်က လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ နိုင်ငံ‌ရေးနည်းလမ်း အရ ဖြေရှင်းကြဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ရခိုင်နဲ့ ကယားပြည်နယ်က စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး အလေးပေး ပြောဆိုသွားသလို ရခိုင်ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် ရက္ခိုင့်တပ်တော် AA က လုပ်ဆောင်နေတာလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ စစ်ခေါင်းဆောင်ရဲ့ပြောဆိုချက်အပေါ် AA ရဲ့ တုံ့ပြန်ချက်၊ သဘောထားတွေ အပါအဝင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံး နိုင်ငံရေးနည်းလမ်းအရဖြေရှင်းဖို့ စစ်ခေါင်းဆောင်ရဲ့ပြောဆိုချက်အပေါ် AA အနေနဲ့ ဘယ်လိုသဘောထားရှိပါလဲ။

ဖြေ။ ။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြောဆိုချက်ဟာ အထွေထွေ အကျပ်တည်းနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် သူတို့နိုင်ငံရေး ထွက်ပေါက်တစ်ခု ရလိုရငြား ပြောတဲ့ကိစ္စလို့ပဲ ကျွန်တော်ကမြင်တယ်။ ဒီနေရာမှာ တခုစဉ်းစားစရာရှိတာက သူကနိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမယ်ဆိုရင် သူက ဘယ်အပေါ်မှာအခြေခံပြီး သူက ဆွေးနွေးမှာလဲ။ အခုစစ်ကောင်စီက တောက်လျှောက် ပြောနေတဲ့ ၂၀၀၈ဖွဲ့စည်းပုံနဲ့ NCA ကို အခြေခံပြီး ဆွေးနွေးမယ်ဆိုတဲ့ကိစ္စက ဒါဘယ်သူမှ လက်ခံနိုင်စရာ မရှိတဲ့ကိစ္စ ဖြစ်တယ်။ အလုပ်လည်း မဖြစ်တဲ့ကိစ္စ ဖြစ်တယ်။ ၁၉၆၂ မြန်မာနိုင်ငံမှာ စစ်ကောင်စီအဆက်ဆက်က အာဏာသိမ်းပြီး တက်လာခဲ့တဲ့ အဆက်ဆက် အစိုးရတွေအားလုံးလက်ထက်မှာ ဆွေးနွေးခဲ့တဲ့ ဒီဆွေးနွေးပွဲတွေ အားလုံးဟာ ဘာရလဒ်မှ ထွက်ပေါ်လာခဲ့တာ မရှိဘူး။

ဘာမှ မယ်မယ်ရရ အောင်မြင်ခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ သမိုင်းတလျှောက်မှာ မရှိခဲ့ဘူး။ နောက်တချက်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမယ်ပြောတဲ့ အကြမ်းဖက် စစ်ကောင်စီအနေနဲ့က သူက နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ဘူး။ ပြောမယ်ဆိုရင် ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလည်း မဟုတ်သလို ပြည်သူကို ကိုယ်စားပြုထားတဲ့ အစိုးရလည်း မဟုတ်ဘူး။ ဒါကြောင့်မို့ သူဟာနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့အတွက် တရားဝင် အဖွဲ့အစည်း မဟုတ်ဘူး။ သူဟာ အကြမ်းဖက်စစ်တပ်ပဲ ဖြစ်တယ်။ ဒါကြောင့်မို့ စစ်ကောင်စီဥက္ကဌ ပြောတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့ ကိစ္စကတော့ ဘာမှဖြစ်လာမယ့်ကိစ္စ မဟုတ်ဘူးလို့ ကျွန်တော်က အဲဒီလိုပဲ မြင်တယ်။ အဓိပ္ပာယ်လည်း မရှိဘူးဗျ။

မေး။ ။ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းမှုအပေါ် AA အနေနဲ့ ဘယ်လို တုံ့ပြန်ချင်ပါလဲ။

ဖြေ။ ။ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးအရ အာမခံနိုင်တဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ အကြမ်းဖက်စစ် ကောင်စီနဲ့ ဆွေးနွေးလို့လည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ သူက အချိန်ဆွဲပြီးတော့မှ သူ့ရဲ့အကျပ်အတည်း တွေကို ဖြေရှင်းမယ်။ ပြီးရင် သူအခြေအနေကောင်းလာရင် ပြန်ပြီးထပ်ပြီးတော့ တိုက်မယ်။ လူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်မယ်။ ဒါကြောင့်မို့ စစ်ကောင်စီကပြောနေတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကတော့ ဒါ သူတို့ရဲ့အကျိုးအတွက်သာ ပြောနေတာဖြစ်တယ်။ ပြည်သူ့အကျိုးအတွက် ပြောနေတာ မဟုတ်ဘူး။ ဒါကြောင့်မို့ ဒီကိစ္စကတော့ အနှစ်သာရအားဖြင့် ဘာမှအကျိုးသက်ရောက်မှု မရှိဘူး။ အဓိပ္ပါယ်မရှိတဲ့ စကားလို့ပဲ ကျွန်တော်က မြင်ပါတယ်ခင်ဗျ။

မေး။ ။ နောက်တစ်ခုက ရခိုင်ပြည်နယ် မတည်မငြိမ်ဖြစ်အောင် AA က လုပ်ဆောင်တယ်ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်အပေါ်မှာရော ဘာများမှတ်ချက်ပြု တုံ့ပြန်လိုပါလဲ။

ဖြေ။ ။ အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင်ကပြောတဲ့ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လက်နက်ကိုင် အဖွဲ့အစည်းတွေက လုပ်နေတယ်။ ရခိုင်ဒေသ မတည်မငြိမ်ဖြစ်အောင် AA က လုပ်နေတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်ကတော့ ဒါဟာအရှက်မရှိ ဂုဏ်သိက္ခာမဲ့စွာ ပြောဆိုတဲ့ကိစ္စပဲ ဖြစ်တယ်လို့ ပြောလိုပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်အပါအဝင် မြန်မာတစ်နိုင်ငံလုံး မတည်မငြိမ်ဖြစ်အောင် တတိုင်းပြည်လုံး ဒုက္ခရောက် အောင် ကြည်း၊ ရေ၊ လေတပ်တွေ အားလုံးကိုသုံးပြီးတော့ ပြည်သူတွေကို အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ပြီး ရွာတွေ မြို့တွေကို ဗုံးကြဲ၊ မီးရှို့ ပြည်သူတွေပိုင်တဲ့ ဥစ္စာတွေကို လုယက် ဒီလိုမျိုး မြေလှန်ဖျက်ဆီးနေတာဟာ သူတို့ အကြမ်းဖက် စစ်ကောင်စီတပ်တွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့အကြမ်းဖက်မှုဒဏ်ကို ခံစားနေရတဲ့ တတိုင်းပြည်လုံးက ပြည်သူတွေလည်းအသိ ဖြစ်ပါတယ်။

နိုင်ငံတကာကလည်း ဒီကိစ္စကို သိပါတယ်။ ဒါကြောင့်မို့လို့ သူတို့ အကြမ်းဖက်စစ်တပ် စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ သတင်းစာတွေ၊ တီဗွီတွေ ဒီဟာတွေကနေပြီးတော့ ပြောင်းပြန်လိမ်လည် ဝါဒဖြန့်တိုင်း မြေပြင်မှာ သူတို့အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေ အမှန်တရားတွေက ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ULA အနေနဲ့ ကျွန်တော်တို့ ပြည်သူတွေအပေါ်မှာ အကြမ်းဖက် ကျူးလွန်ရာမှာ ပါဝင်နေတဲ့ မြန်မာအကြမ်းဖက် ဖက်ဆစ်စစ်တပ်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပါဝင်ပက်သက်သူတွေ အားလုံးကို ကျွန်တော်တို့ စနစ်တကျ သေသေချာချာ မှတ်တမ်းတင်ထားပါတယ်။ ပြီးရင် တိတိကျကျ ပြန်လည် လက်တုံပြန် တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ ရခိုင်ပြည်မှာ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှုနဲ့ နေရပ်စွန့်ခွာထွက်ပြေးတဲ့ အခြေအနေနဲ့ လူသားချင်းစာနာမှု အကူအညီလိုအပ်မှုက ဘယ်လိုတွေဆက်ရှိနေပါလဲ။

ဖြေ။ ။ အခုဆိုရင် မြန်မာ့အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့ ရမ်းကားပြီးတော့ လက်နက်ကြီးပစ်ခတ်မှု လေကြောင်း တိုက်ခိုက်မှု ၊ ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ကျွန်တော်တို့ ရခိုင်ပြည်သူစုစုပေါင်းဟာ ၁၂၆,၃၄၃ ယောက်၊ အိမ်ထောင်စု ၂၁,၄၂၆ စု ရှိနေပြီဖြစ်ပါတယ်။ သေဆုံးသူ ၃၀ ကျော်၊ ဒဏ်ရာရသူက ၁၁၀ ကျော်၊ အကြမ်းဖက် စစ်ကောင်စီတပ်တွေရဲ့ မတရားဖမ်းဆီးခံရတဲ့ ရခိုင်ပြည်သူစုစုပေါင်းကတော့ ၁၁၃ ယောက် ရှိနေပြီဗျ။ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်က မှတ်တမ်းတင်လို့ရတာတွေ ရှိသလို မှတ်တမ်းတင်လို့ မရသေးတဲ့ ပြည်သူတွေလည်း အများကြီးရှိတယ်။ ဒါကြောင့် အခုကျွန်တော်တို့ ဖော်ပြတဲ့ အရေအတွက်ထက် ပိုပြီးလည်း စစ်ရှောင်အရေအတွက်က များနိုင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here