KNU တပ်မဟာ (၃) နယ်မြေအတွင်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေကြောင်း KNU အတည်ပြု

0
298
ပုံစာ - မုန်းမြို့အဝင်။ (Photo – CJ)

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၅၉၉ နှင့် မြို့မရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့်ပူးပေါင်းတပ်များက ဒီဇင်ဘာ ၂ ရက်နေ့ မှ စတင်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက အတည်ပြု ပြောဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါစခန်းနှစ်ခုအား တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်း ရှိမရှိ ညောင်လေးပင်ခရိုင်ဘက်မှ သတင်း မရရှိသေးသော်လည်း တိုက်ခိုက်ခဲ့ခြင်းမှာ အမှန်ဖြစ်သည်ဟု ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်စေးက ယခုလိုပြောသည်။

“အတည်တောင် မပြုရသေးဘူး၊ ဟိုဘက်က တက်သွားတာပဲရှိတယ်။ တက်သိမ်းတာတော့ သေချာတယ်။ ရမရ ဆိုတာနဲ့ ဘယ်လိုပုံစံနဲ့ ရသလဲဆိုတာ ကျနော်တို့ဘက်ကကို သတင်းမရောက်သေးတော့ သေချာ မသိဘူး။ ပြောမလာသေးဘူး၊ တိုက်ပွဲမပြတ်သေးဘူးနဲ့ တူတယ်။ များသောအားဖြင့်က တိုက်ပွဲပြီးမှ သတင်းပို့တာများတယ်” ဟု ပဒိုစောကလယ်စေးက ဆိုသည်။

ဒီဇင်ဘာ ၂ ရက်နေ့ ညပိုင်းမှစ၍ စခန်းသိမ်းတိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းဖြစ်ရာ KNLA ပူးပေါင်းတပ်ဘက်က ခမရ-၅၉၉ တပ်အား သိမ်းပိုက်ရရှိခဲ့ပြီး မြို့မရဲစခန်းကို သိမ်းပိုက်နိုင်ခြင်းရှိမရှိ မကြားသိရသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“မနေ့ည ၁၂ နာရီ လောက်ကတည်းက တိုက်ပွဲဖြစ်နေတဲ့ အသံတွေကြားရတာ တစ်ညလုံးပဲ၊ မုန်းဒေသ ဘက်က အသိတစ်ယောက်ပြောလာတာက တပ်ရင်းကိုတော့ ရပြီပြောတယ်။ ရဲစခန်းတော့ မသိသေးဘူး။ တညလုံး တဒိန်းဒိန်းနဲ့ ချနေတာ၊ လေယာဥ်တွေလည်းသွားတယ်။ ဗုံးကြဲချတဲ့အသံတွေလည်း ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

စစ်တပ်စခန်းနှစ်ခုစလုံးအား KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရှိရသော်လည်း ဆက်လက် အတည်ပြုနေဆဲဖြစ်သည်။

ကေအဲန်ယူ တပ်မဟာ (၃) နယ်မြေသည် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု အများဆုံးခံနေရသည့် ဒေသတစ်ခုဖြစ်သလို နိုဝင်ဘာလအတွင်း အရပ်သားနေထိုင်ရာ ကျေးရွာများတွင် တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီဘက်က တကျော့ပြန် လုပ်ဆောင်လာနေချိန်တွင် ပူးပေါင်းတပ်များက ယခုလို စခန်းသိမ်းတိုက်ပွဲများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ယခုနှစ် ဇွန်လပိုင်းကလည်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများအား KNLA ပူးပေါင်းတပ်များက တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်စဥ် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့သလို စစ်ကောင်စီဘက်မှ လက်နက်ခဲယမ်းများအား သိမ်းပိုက်ရရှိခဲ့သေးသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here