ရေတာရှည်၊ ကျွန်းတောစုရွာမှ ဖမ်းဆီးခံရွာသား ၃ ဦး အနက် ၂ ဦးသာ ပြန်လည်လွတ်မြောက်

0
231

ပဲခူးတိုင်း (အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာတမံအနီးရှိ သိုင်းဝကျေးရွာအုပ်စု၊ ကျွန်းတောစုရွာသို့ ဒီဇင်ဘာ ၁ ရက်နေ့က ဝင်ရောက်စီးနင်းလာသော စစ်ကောင်စီတပ်များက ရွာနေဒေသခံ အမျိုးသား ၃ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားရာ လက်ရှိတွင် ၂ ဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဒလန်သတင်းပေးမှုဖြင့် နေရပ်လိပ်စာ စာရင်းကိုင်ဆောင်ကာ ကျွန်းတောစုရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်များသည် သက်လတ်ပိုင်းအရွယ် ဒေသခံ ၃ ဦးအား ရွာအတွင်း ရိုက်နှက်ဖမ်းဆီး၍ တောင်ငူ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီးမှ ၂ ဦးကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ရာတွင် အသက် ၃၅ နှစ် အရွယ် ကိုကျော်လှိုင်အား ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်က ပြောသည်။

“၃ ယောက်လုံးကို ဖမ်းခေါ်သွားကတည်းက ဘာမှ အဆက်အသွယ်မရဘဲ ဖြစ်နေတာ။ ကျန်တဲ့နှစ်ယောက်က ဒီနေ့ပဲ ရွာပြန်ရောက်နေပြီ။ ကျန်တဲ့တစ်ယောက်ကတော့ ပြန်မလွတ်သေးဘူး သတင်းလည်း မကြားဘူး။ ဖမ်းခံရတဲ့သူတွေက သာမန်ရွာခံတွေပါပဲ ဘယ်သူနဲ့မှ အဆက်အသွယ် မရှိပါဘူး” ဟု ဒေသခံများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များက ကျေးရွာအတွင်း ဝင်ရောက်စဥ် ဒေသခံပိုင်နေအိမ်များအား ဖျက်ဆီးမွှေနှောက်ခြင်းနှင့် ၎င်းတို့ သံသဃရှိနေအိမ် ၇ လုံးအား ချိတ်ပိတ်ခြင်းများ လုပ်ဆောင်သဖြင့် ရွာလုံးကျွတ်နီးပါး ထွက်ခွာ တိမ်းရှောင်ခဲ့ရသလို လက်ရှိအချိန်ထိ ရွာအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ကျန်ရှိနေသေးကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ (၃၅၀၁) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“အိမ် ၇ လုံးကိုတော့ မွှေနှောက် အိမ်တံခါးတွေ ဖျက်ဆီးပြီး ချိတ်ပိတ်သွားတယ်။ အဲဒီရက်ကတော့ တစ်ရွာလုံးနီးပါး ရွာထဲက ရှောင်ကြတာပေါ့။ အိမ်တွေချိတ်ပိတ် ဘာညာပြီးတော့မှ ရွာခံတစ်ဝက်လောက်က ရွာထဲ ပြန်နေကြတာ၊ အခု ရွာထဲမှာ သူတို့အင်အား နည်းနည်းကျန်နေခဲ့သေးတယ်။ ပြန်လာတဲ့ သူတွေကိုတော့ စစ်တပ်က စစ်ဆေးတာတို့ ဘာတို့တော့လုပ်တာရှိတယ်” ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယခင်က စစ်ကောင်စီတပ်များက အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာများအတွင်း ဝင်ရောက်၍ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့စဥ် အကြောင်းအရင်း မခိုင်လုံသဖြင့် ပြန်လည်လွတ်မြောက်လာသူအချို့ ရှိသော်လည်း တချို့မှာ မိသားစုဝင်များဖြင့် အဆက်အသွယ်မရတော့ဘဲ သတင်းအစအန ပျောက်ဆုံးခြင်း၊ ထောင်ချခံရခြင်းများ ရှိခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ (၃၅၀၁) တပ်ရင်းထံမှ သိရသည်။

စစ်တောင်းမြစ် အရှေ့ဘက်ကမ်း၊ ရေတာရှည်မြို့နယ်အပိုင် ကျေးရွာပေါင်း နှစ်ဆယ်ကျော်တွင် အမျိုးသားညီညွှတ်ရေးအစိုးရ- NUG လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ထားရှိပြီး တော်လှန်ရေး အင်အားစုများက အတန်အသင့် နယ်မြေစိုးမိုးမှု ရရှိနေချိန်တွင် စစ်ကောင်စီဘက်က ကျေးရွာများသို့ ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူများအား ထိုသို့ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလပိုင်းက တောင်ငူမြို့နယ်၊ ကြို့ပင်ဆိပ်ရွာတွင် တပ်စွဲနေသော စစ်ကောင်စီ တပ်များအား (၃၅၀၁) တပ်ရင်းပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံး၍ ပူးပေါင်းတပ်ဘက်မှ တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက်ပိုင်း လက်နက်ခဲယမ်း စုဆောင်းမှုများ ပြုလုပ်ပြင်ဆင်နေကြောင်း အဆိုပါတော်လှန်ရေးအဖွဲ့က ပြောသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here