နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား CDM ဝင်ကြရန် CDF-Hualngoram သတိပေးထုတ်ပြန်

0
139
ပုံစာ - CDF-Hualngoram သတိပေးချက်။

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ဝင်ကြရန် CDF-Hualngoram နှင့် Hualngo -ram CDM Department အဖွဲ့တို့က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ပူးတွဲသတိပေး ထုတ်ပြန်လိုက်သည်။

CDF-Hualngoram ဒေသအတွင်းရှိ ဝန်ထမ်း၏ ၆၅ ရာခိုင်နှုန်းခန့်မှာ Non-CDM ဖြစ်ကြပြီး အများစုမှာ အခြေအနေ အမျိုးမျိုးအကြောင်းပြကာ CDM မဝင်ကြသေးသည့်အတွက် ယခုကဲ့သို့ သတိပေးလိုက်ခြင်း ဖြစ်သည်ဟု Hualngoram CDM Department ဥက္ကဌ Pu Kima က ပြောသည်။

“ကျွန်တော်တို့ဒေသမှာ Non-CDM ကင်းစင်ဖို့၊ စစ်အစိုးရကို အားပေးတဲ့လူ မရှိစေချင်လို့ ပြီး‌တော့ ကျွန်တော်တို့ ဒေသခံအချင်းချင်းမှာ စိတ်၀မ်းကွဲမှု မရှိလေအောင်၊ အဲ့ဒီအလုပ်ကနေ အပြီးပိုင်ထွက်ပြီဆိုရင် သာမန် အရပ်သားလိုပဲ အစိုးရဝန်ထမ်းမဟုတ်တော့ သူတို့ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ပေးချင်လို့ ဖြစ်ပါတယ်” Pu Kima က ပြောသည်။

CDM ဝင်လိုသူများအနေဖြင့် မိမိထမ်းဆောင်နေသည့် တာဝန်မှရပ်ဆိုင်းကြောင်း ဝန်ခံကတိစာနှင့်အတူ လူကိုယ်တိုင် CDF-Hualngoram ဌာနချုပ်ရှိ Hualngoram CDM Department ဌာနသို့ CDM ဝင်ကြောင်း လာရောက် စာတင်သူကိုသာလျှင် CDM ပြုလုပ်သူအဖြစ် အသိမှတ်ပြုမှာဖြစ်ပြီး၊ ဖုန်း၊ အွန်လိုင်းမှ တဆင့် စာပေးပို့ခြင်းတို့ဖြင့် အကြောင်းကြားခြင်းတို့ကို လက်ခံမည်မဟုတ်သလို CDM အဖြစ် အသိမှတ်ပြုမည် မဟုတ်ကြောင်း CDF-Hualngoram က ဆိုသည်။

“စာပို့တယ်ဆိုတာလည်း ကျွန်တော်တို့စာရွက်ကလေးနဲ့ လာယူတဲ့ဟာကိုပဲ ကျွန်တောတို့ အတည်ပြုတယ်။ စာရွက်နဲ့မပို့ဘဲနဲ့ ဖုန်းနဲ့ပြောတာမျိုး ပြီးတော့၊ Messenger တို့ Whatsapp တို့ကနေ ပို့လာတဲ့ဟာမျိုး ကျွန်တော်တို့ လက်မခံဘူး၊ ပို့တဲ့သူလည်း အများကြီးရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အတည်မပြုရဲဘူးပေါ့နော်” ဟု Hualngoram CDM Department ဥက္ကဌက ပြောသည်။

သတ်မှတ်ချိန်အတွင်း CDM ပြုလုပ်ခြင်းမရှိသော ၀န်ထမ်းများကို CDF-Hualngoram ဒေသအတွင်း နေထိုင်ခွင့်နှင့် ဖြတ်သန်းသွားလာခွင့် ပြုမည်မဟုတ်ကြောင်း၊ CDF-Hualngoram ဒေသအတွင်း ဆက်လက်နေထိုင်မှု တွေ့ရှိပါက ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးချက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနစ် စစ်အာဏာသိမ်းပြီးနောက် ယခုအချိန်ထိ CDF-Hualngoram ထိန်းချုပ်နယ်မြေဒေသအတွင်း ပညာရေး၊ ကျန်းမာရေး နဲ့ ရဲ စသည့် ဝန်ထမ်းများမှ CDM ဝင်လာသူ အယောက် ၁၂၀ ကျော် ရှိပြီး၊ ရာခိုင်နှုန်း အားဖြင့် ၄၅ ခန့်ရှိကြောင်း သိရသည်။

ချင်းလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်သော CDF-Hualngoram သည် ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်အတွင်းရှိ ဟွာလ်ငိုတောင်ကြောဒေသအတွင်း စစ်ရေးလှုပ်ရှားနေသောအဖွဲ့ ဖြစ်သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here