ဟားခါးမြို့ပေါ်တွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များ စည်စည်ကားကားမကျင်းပရန် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ထုတ်ပြန်

0
147

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များကို စည်စည်ကားကား ကျင်းပခြင်း မပြုလုပ်ကြရန် ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့ (HCMF) က ထုတ်ပြန်သည်။

ခရစ္စယာန်ဘာသာ၀င်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့ နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် နှစ်သစ်ကူးနေ့ပွဲတော်များ ကျင်းပရေးနှင့် ပတ်သက်၍ ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်ပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့(HCMF) က နို၀င်ဘာလ ၄ ရက်နေ့က ကျင်းပသော အစည်းအ‌ဝေးတွင် ထိုသို့ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ခရစ္စမတ်နေ့နှင့် နှစ်သစ်ကူးပွဲတော်နေ့များကို ဟားခါးမြို့ပေါ်တွင် စည်စည်ကားကား ကျင်းပခြင်း မရှိသည်မှာ ၃ နှစ် ရှိသွားပြီဖြစ်ကာ ယခုနှစ်တွင်လည်း ထိုကဲ့သို့ပင် ဆက်လက် လုပ်ဆောင်ကြရန် HCMF က နို၀င်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်ပေါင်းစုံ ဓမ္မအမှုတော်ဆောင်ဥက္ကဌ သိက္ခာတော်ရဆရာ Dr. Joel Nawl Cung Lian က “ခါတိုင်းမှာလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲကြတာပေ့ါ၊ သို့သော် ခရစ္စမတ်ရဲ့အနှစ်သာရက ပွဲလုပ်ပြီးတော့ အပြင်မှာ စားဖို့ထက် ဂုဏ်တော်ချီးမွှမ်းခြင်းက ပိုပြီးတော့ အရေးကြီးတယ်။ ရပ်ကွက်မှာ အစားအသောက်တွေ ပျော်ပျော်ရွှင်ရွှင် လုပ်တာမျိုး အားမပေးဖို့ သဘောတူထားတာပါ။ မိသားစုတွေအနေနဲ့ ကိုယ့်ဝမ်းစာအတွက်တောင်မှ ခက်ခဲကြုံတဲ့အချိန်မှာ ပွဲပုံစံမလုပ်ဘဲနဲ့ ဘုရားကျောင်းမှာပဲ ဂုဏ်တော်ချီးမွှမ်းခြင်းနဲ့ နှုတ်ကပတ်တော်အားဖြင့် ချီးမွှမ်းဖို့ အကောင်းဆုံးလို့ အားလုံးဆုံးဖြတ်လို့ စီစဉ်ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ယခုနှစ် ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်မှာ (အသားပေါ်ပြီး အတူစားသုံးပွဲလုပ်ခြင်း) မပြုလုပ်ရန်၊ ဘုရားကျောင်းတွင် ဝတ်ပြုကိုးကွယ်ခြင်း ဆက်ကပ်ဆုတောင်းခြင်းသာ ပြုလုပ်ကြရန်၊ ဘုရားကျောင်းရပ်ကွက်နဲ့ ကိုယ်ပိုင်အနေဖြင့် အသားသတ်ပြီး အတူစားသုံးခြင်းများ မပြုလုပ်ရန် HCMF က တောင်းဆိုထားသည်။

ထို့အပြင် ဘုရားကျောင်း၊ အိမ် နှင့် လမ်းများကိုလည်း အလှဆင်ခြင်းများ မပြုလုပ်ရန် အကယ်၍ အလှဆင်မည်ဆိုပါက ဘုရားကျောင်း၊ နေအိမ်၏ အတွင်းပိုင်းများကိုသာ အလှဆင်ကြရန် ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့က ထုတ်ပြန်ထားသည်။

ခရစ်ယာန်ဘာသာဝင်များ အထွဋ်အမြတ်ထားရှိသော ခရစ္စမတ်ပွဲတော်ကို လက်ရှိကြုံတွေ့နေရသော နိုင်ငံရေးအခြေအနေ၊ လုံခြုံရေးအခြေအနေများကြောင့် မကျင်းပနိုင်ခြင်းမှာ ခရစ်ယာန်ဆရာတော်များအပါအဝင် အသင်းသူအသင်းသားများပါ များစွာစိတ်မကောင်းဖြစ်ကြရသည်ဟု သိက္ခာတော်ရ Dr Joel Nawl Cung Lian က ပြောဆိုသည်။

ယခုကဲ့သို့ ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်ပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့မှ ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များ ကို စည်ကားသိုက်မြိုက်စွာ မကျင်းပရန် ထုတ်ပြန်ခြင်းမှာ လူသားချင်းစာနာထောက်ထားသည့် လုပ်ရပ်တခုဖြစ်ပြီး ခေတ်ကာလအခြေအနေနှင့် လိုက်ဖက်သင့်လျှော်သည်ဟု ဟားခါးမြို့မှ လူငယ်တစ်ဦးက ပြောသည်။

“အရင်တုန်းက တိုင်းပြည်ကောင်းတုန်းက အသားသတ်လိုမျိုးလုပ်မှပဲ ခရစ္စမတ်ရဲ့ အနှစ်သာကပြည့်စုံတာ မဟုတ်ပါဘူးလို့ မြင်တယ်။ ဟားခါးမြို့လောက်သာ မဟုတ်ဘဲနဲ့ မြန်မာတစ်နိုင်ငံလုံးမှာ မငြိမ်မသက် ဖြစ်နေတဲ့ အချိန်၊ စစ်ရေးအရလည်း အရမ်းကို တင်းမာနေတဲ့အချိန် ဖြစ်တယ်၊ တချို့နေရာတွေမှာဆိုရင် စစ်ဘေးရှောင် ဘဝနဲ့ နေရတဲ့သူ အများကြီး ရှိနေကြတဲ့ အချိန်မှာ သင့်လျှော်တဲ့ ထုတ်ပြန်မှုတခု ဖြစ်တယ်၊ အားလုံးအတွက် လူသားချင်းထောက်ထားစာနာတဲ့ အပြုအမှုတခုလေးတခု ဖြစ်တယ်။ ခရစ္စမတ်ရဲ့ အနှစ်သာရ မပျောက်သွားဘူးလို့ မြင်တယ်” ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် ဘာသာရေးအသင်းတော်ပေါင်း ၅၀ ဝန်းကျင်ရှိပြီး ယခု ထုတ်ပြန်ချက်မှာ ချင်းပြည်နယ် တပြည်နယ်လုံးနှင့် မသက်ဆိုင်ဘဲ ဟားခါးမြို့ပေါ်တွင်ရှိသည့် အသင်းတော်များ အတွက်သာ ဖြစ်သည်ဟု သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here