ရှမ်းမြောက်၊ပြည်ထောင်စုလမ်းမ ပိတ်လျက်ရှိနေဆဲဖြစ်

0
265
ပုံ - ရှမ်းပြည်နယ်မြောက်ပိုင်းလမ်းပိုင်းတနေရာ။ (Photo-CJ)

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့အဝင် သိန္နီတံတားကို ဖောက်ကွဲထားသည့်အပြင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လမ်းပိုင်းအချို့တွင် သစ်ပင်များခုတ်လှဲပြီး လမ်းပိတ်ထားသောကြောင့် ကားလမ်းပိတ်ဆို့မှုများ ရှိသည်ဟု ကားသမားများနှင့် ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA၊ ရက္ခိုင့်တပ်တော် AA တို့ အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး မန္တလေး-မူဆယ် လမ်းပိုင်းတလျှောက်တွင် လမ်းများပိတ်ထားတာကြောင့် သွားလာ၍ မရသေးဟု ၎င်းတို့က ပြောဆိုကြသည်။

ကားသမားတစ်ဦးက “လမ်းက ဂုတ်တွင်းထဲမှာ ပိတ်ထားတာ။ အပင်တွေလှဲပြီး ပိတ်ထားတာ။ ပိတ်ထားတဲ့ အတွက် ပေးမဖြတ်တာ။ ဘယ်နားမှာ ပိတ်ထားတယ်ဆို အဲလိုကြီးတော့ တားထားတာတော့ မရှိဘူးဗျ။ အဲတော့ အကြားနဲ့တင် အဲ့လိုသွားမရဘူး။ ပေးမဖြတ်ဘူးဆိုတာနဲ့တင် ပြန်လှည့်လာခဲ့ကြတာ” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “လမ်းမှာက အုန်းမခါးကနေ နောင်ချိုအထိ ကားမတွေ့ဘူး။ ဘာကားမှ မတွေ့ဘူး။ ဆိုင်ကယ်လည်း မတွေ့ဘူး။ ဖြတ်လာတော့ နောင်ချိုတိုးဂိတ်ရောက်တော့ သွားချင်ရင်တော့သွားတဲ့၊ ဒါပေမယ့် အပင်တွေ လှဲထားတယ်ဆိုတော့ ကျနော်တို့လည်း ပြန်လှည့်လာတယ်။ မသွားတော့ဘူး။ ကားတွေလည်း အကုန်ပြန်လှည့်လာတယ်။ နောင်ချို မှာ နားနေကြတယ်” ဟု ဆိုသည်။

ညီနောင်မဟာမိတ်တပ်ဖွဲ့သည် အောက်တိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် သိန္နီရဲစခန်း၊ ထွေအုပ်ရုံး အပါအဝင် စစ်တပ်စခန်းများကို ထပ်မံသိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၃၀ ကျော်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း မုံးကိုးဒေသ ဖောင်းဆိုင်ရှိ စစ်တပ်စခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ ကစတင်ပြီး စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်တို့ အကြား ရှမ်းမြောက်ရှိ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ချင်းရွှေဟော်တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာမှ စတင်၍ နောင်ချို၊ ကျောက်မဲ ဘက်အထိ တိုက်ပွဲ ဆက်လက် ပြင်းထန်လာခဲ့သည်။

နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက “မနေ့က မနက်ပိုင်း အစောကြီး ၅ နာရီခွဲချိန်မှာ နမ့်ဖတ်ကာ နမ့်ခိုင် တံတားမှာ ပစ်ခတ်နေကြတယ်။ လက်နက်ကြီးရော၊ လက်နက်ငယ်အသံတွေရော ကြားနေရတာ။ မနက် ၇ နာရီ ချိန်မှ အသံက ပြန်ငြိမ်လာတယ်။ တိုက်ပွဲဖြစ်ပွားတဲ့အဖွဲ့က ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်တပ်နဲ့ ဖြစ်တာ ကြားတယ်။ ဒီနေ့လည်း အဲ့အတိုင်းပဲ ဆက်ဖြစ်နေသေးတယ်” ဟု ပြောသည်။

အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းပေါ်ရှိ သိန္နီတံတား မိုင်းခွဲ ဖျက်ဆီးခံရပြီး ကျိုးကျသွားခဲ့သည်။

မူဆယ်မှဒေသခံတစ်ဦးက “သိန္နီတံတား ကျိုးသွားတယ်ရော၊ လားရှိုး – မူဆယ်လမ်း လုံးဝသွားလို့ မရသေးပါ။ နမ့်ဖတ်ကာအကျော် နမ့်ပေါ်တံတားလည်း လမ်းပိတ်ထားတယ်။ ကားရော၊ ဆိုင်ကယ်ရော သွားလာလို့မရသေးဘူး” ဟု ပြောသည်။

ထိုသို့ လမ်းများပိတ်ဆို့ထားမှုများကြောင့် နမ့်ဖတ်ကာစျေးနေ့ဖြစ်သော အောက်တိုဘာလ ၃၀ ရက်နေ့က ပင်လယ်စာများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသည်ဟု ဆိုသည်။ အနံ့အနည်းငယ်ထွက်နေသော ပင်လယ်စာများကိုမူ အလကား ပေးဝေနေသည်ဟု နမ့်ဖက်ကာ ဒေသခံများက ပြောသည်။

အလားတူ အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ကျောက်မဲ – နောင်ချို ကြားရှိ ကျောက်ကြမ်းကျေးရွာ အကွေ့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နောင်ချို – ပြင်ဦးလွင် ကားလမ်း ဂုတ်တွင်းနေရာ၌ လမ်းများလည်း ပိတ်ထားပြီး ခရီးသွားပြည်သူများ နောင်ချိုတွင် ပိတ်မိနေခဲ့သည်ဟု သိရသည်။

တိုက်ပွဲများကြောင့် လမ်းပိတ်ထားသည်ဟုဆိုရာတွင် မန္တလေး – မူဆယ် ပြည်ထောင်စုလမ်းမကြီး တောက်လျှောက်ကို သွားလာ၍မရအောင် လုံးဝပိတ်လိုက်ခြင်းမျိုး မဟုတ်ဘဲ အဆိုပါ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ လမ်းပိုင်းအလိုက် (လမ်းပိုင်းအချို့) ကို ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here