ကွတ်ခိုင်တွင် လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံး

0
143

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၁ ဦးနှင့် ပရဟိတသမား ၁ ဦးအပါအဝင် အမျိုးသား ၂ ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၃၀ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲ ဝန်းကျင်ခန့်တွင် နမ့်ဖတ်ကာ ရပ်ကွက် ( ၂ ) ရှိ မောရှမ်း ထမင်းဆိုင်အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား ၁ ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ သည်။

နမ့်ဖတ်ကာကျေးရွာခံအမျိုးသားတစ်ဦးက “လက်နက်ကြီးက ဘယ်ကနေလာတာတော့ မသိဘူး။ အဲမှာ ကျကွဲပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီးဆုံးသွားတယ်။ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးက နမ့်ဖတ်ကာဆေးရုံရောက်မှ ဆုံးသွားတာ။ အားလုံးက အသက် ၂၀ ကျော်ဝန်းကျင်တွေပဲ ဗမာတိုင်းရင်းသားတွေ” ဟု ပြောသည်။

သေဆုံးသူ အမျိုးသား ၂ ဦးထဲမှ တစ်ဦးမှာ နမ့်ဖတ်ကာ မေတ္တာရှင်လူမှုကူညီရေး အသင်းဝင်တစ်ဦးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဆေးရုံမှာဆုံးသွားတဲ့ ကောင်လေးက မေတ္တာရှင်အသင်းထဲက လူပါ။ သူက ဘယ်ကနေလာမှန်းတော့ မသိဘူး။ ပေါက်ကွဲချိန်မှာ သူကိုထိသွားတာ အရမ်းနှမျောဖို့ ကောင်းပါတယ်။ သူက တစ်ကယ် ပရဟိတသမားလေးပါ၊ လူနာတွေလိုက်ပို့ရင် သူလည်း သွားပေးတာရှိတယ်။ တစ်ကယ်စိတ်မကောင်းဘူး” ဟု ၎င်းက ပြောဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်အချိန်ထိ နမ့်ဖတ်ကာတွင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာလ ၂၇ ရက်နေ့ တွင်လည်း နမ့်ဖက်ကာ၊ ရပ်ကွက် ၄ ရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦး ရှိခဲ့သည်။

အလားတူ အောက်တိုဘာလ ၂၇ ရက်နေ့က နမ့်ခမ်းမြို့၊ စခန်းသစ်ကုန်းအနီးမှာလည်း နေအိမ်တစ်လုံးထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေးငယ်၂ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၂၈ ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲမှုကြောင့် နမ္မတူမြို့နယ်ရှိ မန်ဆာကျေးရွာမှ အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံး ထိမှန်ပျက်စီးသွားခဲ့သည်။

သိန္နီမြို့နယ်တွင်လည်း အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းက စစ်ရှောင်အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန်ပြီး ဆေးကုသခွင့်မရသောကြောင့် သွေးထွက်လွန်ကာ သေဆုံးသွားခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ လားရှိုးနှင့် နမ့်ခမ်း မြို့နယ်များတွင် ကလေး ၂ ဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံးပြီး၊ ကလေး ၁ ဦးအပါအဝင် အရပ်သား ၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု UNOCHA Myanmar မှ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် အနည်းဆုံး လူပေါင်း ၆၂၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး တောတောင်များထဲအပြင် ဘာသာရေး အဆောက်အုံများတွင် ခိုလှုံနေကြရသည်ဟု UNOCHA က ဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here