ဖားကန့်မှာ သတ်ဖြတ်ခံရမှုတွေပိုများလာနေ

0
192
ပုံစာ- အသတ်ခံခဲ့ရသူမှတ်တမ်းများ။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ယခုလအတွင်း သတ်ဖြတ်ခံရတဲ့သူတွေ ပိုများလာတယ်လို့ ဖားကန့်မှာ နေထိုင်သူတွေက ပြောဆိုသည်။

အောက်တိုဘာလ ပထမအပတ်ထဲမှာပဲ ဖားကန့်မှာ သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူ ၅ ယောက်အထိ ရှိခဲ့ပြီး အဲဒီထဲမှာ တစ်ရက်ထဲ စျေးသည် ၂ ဦး သတ်ဖြတ်ခံရသလို နောက်တစ်ယောက်ကိုလည်း တစ်ရက်ခြား သတ်ဖြတ်ခံခဲ့ရတာ ဖြစ်သည်။

သတ်ဖြတ်ခံရတဲ့သူတွေထဲမှာ စစ်ကောင်စီရဲ့ သတင်းပေးအဖြစ် စျေးသည်အယောင်ဆောင်ပြီး သွားလာတဲ့သူတွေ၊ ပိုင်ရှင်မဲ့အလောင်းတွေ အပါအဝင် ဓါးမြတိုက်ခံရလို့ သတ်ဖြတ်ခံရတာတွေ ဖြစ်တယ်လို့ ဖားကန့် ဒေသခံ အမျိုးသားတစ်ယောက်က ပြောဆိုသည်။

“အလကားနေရင်းတော့ သတ်လို့မရဘူးလေ။ ဖားကန့်မှာက လူမျိုးပေါင်းစုံ ရှိတယ်။ အဲထဲမှာမှ အခု သတ်ခံရတဲ့သူတွေက သူ့အကြောင်းသူရှိလို့ သတ်ခံရတယ်လို့ပဲ မြင်တယ်။ အခုက စျေးသည်လိုလိုနဲ့ သွားလာတဲ့သူတွေ များလာတယ်။ ရက်ပိုင်းအတွင်းမှာ သတ်ခံရတဲ့ အချဉ်ပေါင်းသည်ဆိုရင်လည်း စစ်တပ်ထဲကို အဝင်အထွက် လုပ်နေတဲ့သူဖြစ်လို့ ရှင်းလိုက်တာလို့ပြောတယ်” လို့ ၎င်းက ပြောသည်။

သတ်ဖြတ်ခံရတဲ့ စျေးသည်တွေမှာ အောက်တိုဘာ ၅ ရက်နေ့က ဖားပြင်ကျေးရွာဘက်ကို အားလူးကြော် လိုက်ပို့တဲ့ အသက် ၄၃ နှစ်အရွယ် ဦးစန်းမြင်ဆိုသူနဲ့ မမုံရွာရှိ ထွန်းဦးဆီဆိုင်မှာ ဆိုင်ကယ်ဆီထည့်နေတဲ့ အသက် ၂၉ နှစ်အရွယ် ကိုချစ်ရေးထွန်းဆိုသူတို့ဖြစ်ပြီး သူတို့ ၂ ယောက်ဟာ သွားလာရင်းနဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောသည်။

အောက်တိုဘာလ ၄ ရက်နေ့ကလည်း ဘွမ်ပရာကုန်းရပ်ကွက်နေ အသက် ၄၀ နှစ်ရွယ် ကိုအောင်ဇင်ဖြိးဆိုသူဟာ အိမ်စီးကားနဲ့ ဖားကန့်ဘက်ကို တက်လာချိန်မှာပဲ လက်နက်ကိုင်တစ်စုက စစ်ဆေးဖို့တားမြစ်ရာမှာ မရပ်ပေးတဲ့အတွက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ဒါ့အပြင် အောက်တိုဘာလ ၃ ရက်နေ့မှာလည်း အချဉ်ပေါင်း လှည့်လည်ရောင်းနေတဲ့ အသက် ၄၀ နှစ်အရွယ် ကိုသန်းမင်းထိုက်ဆိုသူဟာ ကဋေကျေးရွာပိုင်ရပ်ကွက်(၁)နေရာမှာ ပစ်သတ်ခံခဲ့ရပြီး၊ အောက်တိုဘာ ၁ ရက်နေ့ မှာတော့ လုံးခင်းကျေးရွာအုပ်စု စွန့်ပစ်မြေစာပုံမှာ ရေခဲချောင်းရောင်းတဲ့ အမျိုးသားတစ်ယောက် ပစ်သတ်ခံခဲ့ရသည်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ အချဉ်ပေါင်းလှည့်လည်ရောင်းနေရင်း ပစ်သတ်ခံလိုက်ရတဲ့ ကိုသန်းမင်းထိုက် ဆိုသူဟာ စစ်ကောင်စီ စစ်တပ်စခန်းထဲမှာ အဝင်အထွက်လုပ်နေသူဖြစ်တဲ့အတွက် သတ်ဖြတ်ခံလိုက်ရတာ ဖြစ်တယ်လို့ ဆိုသည်။

ဖားကန့်ဒေသမှာ အရပ်သားပြည်သူတွေ နေ့စဉ်ပစ်သတ်ခံရတာဟာ တဖက်မှာ ကျောက်စိမ်းတူးဖော်တဲ့ ပွင့်လင်းရာသီချိန် ရောက်လာတဲ့အတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေက ထိန်းချုပ်ဖို့ အချင်းချင်း တင်းမာနေချိန် ဖြစ်တာကြောင့် အရပ်သားပြည်သူတွေ သေဆုံးနေရတာဖြစ်တယ်လို့ ဖားကန့်ဒေသခံ နောက်တစ်ယောက်က အခုလိုပြောသည်။

“ဖားကန့် မှော်ဒေသဖြစ်တဲ့အတွက် တခြားဒေသနဲ့ မတူဘူး၊ အခုဆို ပွင့်လင်းရာသီရောက်လာတဲ့အတွက် လက်နက်ကိုင်အဖွဲ့တွေက အာဏာပြလာတဲ့အချိန်ပဲ၊ အချင်းချင်း သူသာကိုယ်သာ ခြိမ်းခြောက်နေကြတဲ့အချိန် ဖြစ်တယ်။ ပြောရမယ်ဆိုရင် ပြည်သူတွေက သူတို့ရဲ့ကြားမှာ ညှပ်နေတဲ့အချိန်ဖြစ်တယ်။ အဲ့ကြောင့် အခုလို သတ်ဖြတ်တာတွေ ဖြစ်လာတယ်လို့ပဲမြင်ပါတယ်” လို့ ၎င်းက ပြောပါသည်။

ဖားကန့်ဒေသအတွင်း အရပ်သားပြည်သူ သေဆုံးမှု မကြာခဏဖြစ်ပွားနေပြီး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တိုင်းမှာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ကြောင့် သေဆုံးတာကို အသေးစိတ်မသိရဘဲ ဒေသခံပြည်သူတွေဟာ နေ့စဉ်သွားလာ လှုပ်ရှားရာမှာ အသက်အန္တရာယ်စိုးရိမ်နေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြောဆိုကြသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here