ခွန်စိုင်ဇွပ်ဒေသခံရွာသား ၂ ဦးအား စစ်ကောင်စီကဖမ်းဆီးသွားချိန်ငွေသား သိန်း ၂၀၀ ကျော်ကိုပါသိမ်းယူသွား

0
202

ကချင်ပြည်နယ်၊ ဖားကန်သွားလမ်းမပေါ်မှာရှိတဲ့ ကပ်မှော်အုပ်စု ခွန်စိုင်ဇွပ်ကျေးရွာကို စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသခံရွာသား ၂ ယောက်ကို ဖမ်းဆီးသွားတဲ့အပြင် ငွေကျပ် သိန်း ၂၀၀ ကျော်ကိုပါ ယူသွားတယ်လို့ ဒေသခံတွေထံမှ သိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ မနက် ၄ နာရီလောက်က နန့်ယားစစ်တပ်မှာရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းအဖွဲ့နဲ့ နန့်ယားပြည်သူ့စစ်အဖွဲ့ပါဝင်တဲ့ စစ်အင်အား ၂၀ လောက်က ဆိုင်ဖရာနဲ့ ခွန်စိုင်ဇွပ်စတဲ့ ကျေးရွာတွေကို ဝင်ရောက်လာချိန်မှာ ဒေသခံ ၂ ယောက်ကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က အခုလိုပြောဆိုသည်။

“နန့်ယားပြည်သူ့စစ်အဖွဲ့တွေက ဦးဆောင်ပြီးတော့ အခုအသစ်ရောက်နေတဲ့ လက်ကူးချောင်းဆိုတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေက ဆိုင်ဖရာကျေးရွာကို အရင်ဝင်လာတယ်။ အဲ့မှာ ဒေသခံ ၂ ယောက် သေနတ်နဲ့ပစ်ဖို့လုပ်တာ ထွက်ပြေးသွားလို့၊ ပြီးတော့ ခွန်စိုင်ဇွပ်ကို ပြန်ဝင်တယ် အဲ့မှာ ရွာသား ၂ ယောက်ကို ပြန်ဖမ်းသွားတယ်။ ဖမ်းသွားတဲ့ အချိန်မှာပဲ ငွေ သိန်း ၂၀၀ ကျော်လည်း ယူသွားတယ်” လို့ ၎င်းက ပြောသည်။

စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ရွာသား ၂ ယောက်က ခွန်စိုင်ဇွပ်ရွာသားများဖြစ်တဲ့ ဦးလတောလ်နော်ဂျာ (Latau Nawja) နဲ့ ဦးဆိုင်းလီဘရန် တို့ဖြစ်ပြီး ၎င်းတို့ ၂ ယောက်ကို နေအိမ်ထဲရှိနေချိန်မှာပဲ ဝင်ရောက်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က လုယူသွားတဲ့ ငွေကျပ်သိန်း ၂၀၀ ကျော်ဟာ ဖမ်းဆီးခံရတဲ့ ဦးလတောလ်နော်ဂျာရဲ့ ပိုင်ဆိုင်ငွေဖြစ်ပြီး အဲဒီငွေဟာ မြေကွက်ရောင်းထားရာကနေ ရရှိထားတဲ့ ငွေဖြစ်တယ်လို့ ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

ဖမ်းဆီးခံရတဲ့ ရွာသား ၂ ယောက်ကို နန့်ယားစစ်တပ်ကုန်းမှာ ဖမ်းဆီးထားပြီး ဒေသခံရွာသားတွေအနေနဲ့ လာရောက်ထုတ်ယူတာမရှိရင် သတ်ဖြတ်လိုက်မယ်လို့ ငြိမ်းခြောက်ပြောဆိုတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်က ပြောသည်။

“ဖမ်းသွားတာက မနက်ပိုင်းဆိုတော့ ဘယ်သူမှ မသွားရဲဘူး ဖြစ်နေတယ်။ သူတို့က နန့်ယားစစ်တပ်ထဲမှာ ဖမ်းထားတာ နန့်ယားဘက်ကသူတွေ ပြောလာတာက လာထုတ်တဲ့သူတွေ မရှိဘူးဆိုရင် သတ်လိုက်မယ်လို့ ပြောတာနေတာတဲ့၊ ကြောက်လို့ မသွားရဲကြဘူး ခက်နေတာ” လို့ ၎င်းက ဆိုသည်။

နန့်ယားစစ်တပ်ကုန်းမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အောက်တိုဘာလ ၁၀ ရက်နေ့က ဖားကန့်မြို့ဘက်မှ ဆင်းလာတဲ့ စစ်ကြောင်းဖြစ်ပြီး အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ နန့်ယားပြည်သူ့စစ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဖားကန့်လမ်းမပေါ်မှာရှိတဲ့ ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှား ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

အလားတူ အောက်တိုဘာ ၁၀ ရက်နေ့ တစ်ရက်တည်းမှာပဲ ကျောက်ထုရွာက ဒေသခံ ၅ ယောက်နဲ့ ကပ်မှော်ရွာက ဒေသခံရွာသား ၃ ယောက်ကို စစ်ကောင်စီတပ်က အကြောင်းအရင်းမရှိဘဲ နန့်ယားစစ်တပ်ဂိတ်ကို ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့လည်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာ လဆန်းပိုင်းက မိုးကောင်းမြို့နယ်ဘက်ကနေ စစ်အင်အား ၆၀ ဝန်းကျင်ကို ဖားကန့်မှာရှိတဲ့ စစ်တပ်ကုန်းနေရာမှာ အင်အားဖြည့်ပို့ချထားပြီး လက်ရှိမှာ အဲဒီစစ်အင်အားတချို့နဲ့ နန့်ယားပြည်သူ့စစ်အဖွဲ့တွေက ဖားကန့်လမ်းတလျှောက်မှာ စစ်ရေးလှုပ်ရှားနေတယ်လို့ ဒေသခံများကပြောသည်။

အခုလို ဖားကန့်လမ်းပေါ်မှာ စစ်အင်အားတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြန်လည်လုပ်ဆောင်လာတာဟာ ဖားကန့်လမ်းပေါ်မှာရှိတဲ့ KIA ဂိတ်စခန်းတွေကို ရှင်းလင်းဆောင်ရွက်ဖို့ လုပ်ဆောင်လာတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here