ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်က အလူးရွာနေအိမ်များအား အကြိမ်အကြိမ်ဖောက်ထွင်း

0
245
ပုံစာ - အလူးရွာနေအိမ်များအား စစ်ကောင်စီအကြိမ်အကြိမ်ဖောက်ထွင်းနေ။

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် အလူးကျေးရွာအနီးသို့ ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်များက ရွာမုဒ်ဝနားရှိ ဒေသခံလူထုနေအိမ်များအား အကြိမ်ကြိမ်ဖောက်ထွင်း ဝင်ရောက်၍ နေအိမ်ရှိ ငွေကြေးနှင့် စက်ပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးနံဘေးရှိ အလူးကျေးရွာအနီး ခြင်္သေ့နှစ်ကောင်မုဒ်ဝဘေးမှ နေအိမ်များတစ်ဝိုက် အင်အား ၅၀ ထက်မနည်းပါရှိသော စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာတိုင်း ကင်းပုန်းဝပ်လျက် ရှိသလို နေအိမ်များအတွင်းသို့ ဖောက်ထွင်းဝင်ရောက်နေသည်မှာ ယခုနှစ်စပိုင်းမှ လက်ရှိ အချိန်ထိ ၃ ကြိမ်မြောက် ရှိလာပြီဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ပိုင်ရှင်တွေက စစ်တပ်လာပြီဆိုတာနဲ့ ရှောင်တော့ အိမ်မှာလူမရှိဘူးလေ။ တစ်အိမ်တည်းတင် သုံးကြိမ် ဖောက်ခံရတယ်။ ပထမတစ်ခါဖောက်ခံရတုန်းက အဲဒီအိမ်က ပိုက်ဆံ ၃ သိန်း ပါသွားတယ်။ ဒုတိယ တစ်ခါကလည်း အဲဒီအိမ်ရယ်၊ သူ့မျက်နှာချင်းဆိုင်အိမ်ရယ်က ရေစုပ်မော်တာစက်တွေကို ယူတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ခါလာတော့ ပထမဖောက်ခံရတဲ့အိမ်ကပဲ တန်ဖိုးကြီးပစ္စည်းမရှိတဲ့အဆုံး အကျီ ၃ စုံကို ယူသွားပြန်ရော” ဟု ၎င်းက ပြောပါသည်။

ယင်းစစ်ကောင်စီတပ်များသည် စစ်ကြောင်းတစ်ခေါက်လာ ဂိတ်စခန်းချနေထိုင်တိုင်း လမ်းပေါ်တွင် ဖြတ်သန်း သွားလာသမျှ လူနှင့်မော်တော်ယာဥ်များအား စစ်ဆေးမှုများ ပြုလုပ်လေ့ရှိပြီး ယခုလတ်တလောတွင်လည်း ဘီးလင်းမြို့နယ်အတွင်း အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးလာပါက စစ်ကောင်စီတပ်ဖွဲ့၏ ရိုက်နှက်ခြင်း ခံနေရကြောင်း ဘီးလင်းမြို့ခံများက ပြောဆိုသည်။

“အလူးရွာနားမှာကတော့ လာတာနဲ့တပ်ထိုင်ပြီး စစ်တာပဲ၊ အခု သူတို့ပြန်ထွက်သွားတော့ ငြိမ်နေတယ်။ ဒါပေမဲ့ ယောင်္ကျားလေးနှစ်ယောက် ဆိုင်ကယ်မစီးရဲဘူး။ တွေ့တာနဲ့ ရိုက်တာပဲ ထုတော့တာပဲ၊ ဘီးလင်းရော ကျိုက်ထိုရော အဲ့လိုဖြစ်နေတာ။ အဲ့ဒါကြောင့် ဆိုင်ကယ်နှစ်ယောက် မစီးရဲဘူး” ဟု ဘီးလင်းမြို့ခံတစ်ဦးက ဆိုသည်။

ထို့အတူ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်ပိုင်းများ အထိ ဆိုင်ကယ် ၂ ယောက် စီးလာသူများအား စစ်ကောင်စီက လိုက်လံဖမ်းဆီးမှု များပြားနေသလို ဘီးလင်းမြို့နယ် ညောင်ထောက်၊ ချမ်းမြေ့နှင့် ကရဝေးဆိပ် ကျေးရွာများဘက်တွင် အင်အားဖြည့် စစ်ကြောင်းထိုးလှုပ်ရှားမှုများ ရှိနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေအတွင်းရှိ အလူးလေး၊ အလူးကြီး၊ အလယ်ရွာ၊ အလူးအနောက်နှင့် အရှေ့ဟူ၍ ကျေးရွာ ၅ ရွာပါဝင်သော အလူးကျေးရွာအုပ်စုသည် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်ထိခိုက်မှုနှင့် ဒေသခံ ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်မှုနှင့် မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ကင်ပုန်းဝပ်စစ်ကောင်စီတပ်သားများနှင့် စစ်ကားများ မကြာခဏ ထိခိုက်ပျက်ဆီး သေဆုံးမှုရှိခဲ့သည့် နေရာဒေသလည်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ကလည်း အလူးလေးကျေးရွာ ကားလမ်းမဘေးတွင် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး နှစ်ဖက်သေဆုံးမှုရှိသဖြင့် စစ်ကောင်စီဘက်မှ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သေးကြောင်း ဒေသခံများက ပြောဆိုသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here