ကလေးမြို့တွင် စစ်ကောင်စီက မီတာခကြေးမဆောင်သူများကိုလျှပ်စစ်မီးဖြတ်တောက်

0
237
ပုံစာ - စစ်ကောင်စီက လျှပ်စစ်မီတာကြေးမဆောင်သူများကို မီးဖြတ်တောက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လျှပ်စစ်မီတာခကြေး မဆောင်သည့်အိမ်များကို စစ်ကောင်စီက လျှပ်စစ်မီး မပေးတော့ဘဲ ဖြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာသိမ်းခံရပြီးနောက် ကလေးမြို့တွင် စစ်ကောင်စီယန္တရား လည်ပတ်မှု ရပ်တန့်စေရန် ပြည်သူ များက လျှပ်စစ်မီတာခကြေး မပေးဆောင်ကြသည်မှာ လပေါင်း ၂၈ လခန့် ရှိသွားပြီဟု မြို့ခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များက ကလေးမြို့ပေါ် ရပ်ကွက်တချို့တွင် လုံခြုံရေးအပြည့်နှင့် လျှပ်စစ် မီတာခကြေးများ ပေးဆောင်ရန် လိုက်လံသတိပေးပြီးနောက် အောက်တိုဘာလ ပထမပတ်ကစ၍ မီတာခကြေး မဆောင်သော အိမ်များကို လျှပ်စစ်မီး စတင်ဖြတ်တောက်လိုက်ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ထို့ကြောင့် ရပ်ကွက်နေပြည်သူများသည် ကလေးခရိုင်လျှပ်စစ်ရုံးသို့ သွားရောက်၍ မီတာခကြေးများ ပေးဆောင်နေကြရသည်ဟု တောင်ဖီလာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့ရပ်ကွက်မှာ မီးမရတာ အခုဆိုရင် တစ်လကျော်ပြီ။ မီတာခ မပေးဆောင်တဲ့သူတွေ မီးဖြတ်တယ်ဆိုလို့ ကျွန်မတို့လည်းစုပြီး မီတာခ သွားဆောင်တာ။ ရုံးက တစ်ပါတ်နေ ပြန်ရမယ်လို့ ပြောတယ်။ ဒါပေမဲ့ အခုတစ်ပါတ်ကျော်နေပြီ မီးပြန်မရသေးဘူး။ မီးမရတော့ အခက်တွေ့တာပေါ့” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

အောက်တိုဘာလဆန်းပိုင်းမှ စပြီး စစ်ကောင်စီတပ်ဖွဲ့များသည် လုံခြုံရေးအပြည့်ဖြင့် ချင်းလူမျိုး အများစုနေထိုင်ကြသော တာဟန်းရပ်ကွက်တွင် မီတာခကြေးများ ပေးဆောင်ရန် လိုက်လံသတိပေး ခဲ့သည်ဟု သိရသည်။

ထို့နောက် ရပ်ကွက်လူကြီးများ အဖွဲ့အစည်းများ စုပေါင်းကာ ရုံးသို့သွားရောက်၍ အခွန်ဆောင်ပြီးနောက် အောက်တိုဘာလ ၉ ရက်နေ့ညတွင် မီးပြန်လည်ရရှိခဲ့ကြောင်း တာဟန်းရပ်ကွက်နေ ဒေသခံများထံမှ သိရသည်။

ထို့အတွက်ကြောင့် ပြည်သူများအနေဖြင့် လျှပ်စစ်မီတာခကြေးများကို အရစ်ကျဖြင့် ၃ ကြိမ် ပေးသွင်းရမည် ဖြစ်ပြီး အကယ်၍ မပေးသွင်းနိုင်ပါက လျှပ်စစ်မီး ဖြတ်တောက်ခံရမည်ဟု စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနက အသိပေးခြိမ်းခြောက်မှုလည်း ရှိနေကြောင်း မြို့ခံများထံမှ သိရသည်။

ကလေးမြို့အနောက်ဘက် ကြို့သုံးပင် ရပ်ကွက်တစ်ခုလုံးသည်လည်း မီးဖြတ်တောက်ခံခဲ့ရပြီး ရပ်ကွက် လူကြီးများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ မီတာခကြေး လိုက်လံကောက်ခံပေးသွင်း ညှိနှိုင်းခဲ့ခြင်း ကြောင့် မီးပြန်လည်ရရှိခဲ့သည်ဟု သိရသည်။

ထိုသို့ မီတာခကြေးများ ပေးဆောင်ရာတွင် မပေးဆောင်ခဲ့သည့် အချိန်မှစ၍ ယနေ့အချိန်ထိ ကျသင့်သည့် ငွေပမာဏကို ပေးဆောင်ကြရပြီး တချို့သည် သိန်း ၂၀ ကျော် ကျသင့်သူများရှိသလို တချို့မှာ သောင်းဂဏန်းသာ ကျသင့်သူများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိအချိန်တွင် ကလေးမြို့၌ စစ်ကောင်စီက လျှပ်စစ်မီး ပုံမှန်မပေးနိုင်တော့သည်မှာ ၂ နှစ်ကျော် ရှိသွားပြီဖြစ်ကာ မီးလာသည့် အချိန်မှာလည်း နာရီပိုင်းလောက်သာ လာလေ့ရှိသည့်အတွက် ဒေသခံများ အနေဖြင့် အခက်အခဲများ ရင်ဆိုင်နေကြရကြောင်း သိရသည်။

“အရင် နိုင်ငံရေးကောင်းတုန်းကတော့ လျှပ်စစ်မီးနဲ့ပဲ ချက်စားရတာ။ ရေလဲတင်တယ် အဆင်ပြေတယ်။ အခုနောက်ပိုင်းတော့ မီးလဲ ပုံမှန်မရဘူး၊ ရတဲ့ချိန်မှာလဲ ခဏလေးပဲရတာ၊ ပျက်လိုက် လာလိုက်ပေါ့။ လျှပ်စစ်မီး အဆင်မပြေတော့ ထမင်းဟင်းချက်တာက မီးသွေးခဲတို့ ဂက်စ်တို့ သုံးတယ်လေ နေသားကျနေပါပြီ။ ဒါပေမဲ့ အခုလို မီးလုံးလုံး ဖြတ်လိုက်တော့ ရေတင်လို့မရဘူး။ အဲဒါတော့ တော်တော် အဆင်မပြေပါဘူး” ဟု ကလေးမြို့ခံ အိမ်ရှင်မတစ်ဦးက ပြောဆိုသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here