ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဒေါနိုးကူးစစ်ဘေးရှောင်များထဲက နေရပ်ပြန်လိုသူများကို စာရင်းကောက်ယူနေ

0
273
ပုံစာ - ထိုင်းနိုင်ငံဘက်ခြမ်းရောက်ရှိနေသည့် ဒေါနိုးကူးစစ်ဘေးရှောင်များ။

စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ယာယီဝင်ရောက် ခိုလှုံနေကြရသည့် ဒေါနိုးကူး စစ်ဘေးရှောင်စခန်းမှ တိမ်းရှောင်ထွက်ပြေး လာသူတွေထဲက နေရပ်ပြန်ချင်သူတွေကို ထိုင်းအာဏာပိုင် တွေက တရားဝင်စာရင်းသွင်းပြီး နေရပ်ပြန်ခွင့်ပြုတယ်လို့ ဒေါနိုးကူး စစ်ရှောင်စခန်းရဲ့ အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

“ထိုင်းအာဏာပိုင်ဘက်က နင်တို့ ပြန်ရမယ်ဆိုတဲ့ဟာကတော့ မမောင်းပြန်ပါဘူး။ နင်တို့ စိတ်ပါ ပြန်မယ်ဆိုရင် နင်တို့ စာရင်းသွင်းပြီး တရားဝင် ပြန်လို့ရတယ်လို့ ကျနော်တို့ကိုတော့ ပြောတယ်” ဟု ဒေါနိုးကူး စစ်ရှောင်စခန်း အုပ်ချုပ်ရေးမှူး ခူးဖရေရယ်က ပြောပါသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒေါနိုးကူး ကရင်နီစစ်ဘေးရှောင်စခန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့က စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ခံရသည့်အတွက် ဒေါနိုးကူး စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည် ထောင်ချီသည် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင် ခဲ့ရခြင်းဖြစ်သည်။

လတ်တလောတွင် ဒေါနိုးကူးစစ်ရှောင်စခန်း၌ နယ်မြေအခြေအနေ တည်ငြိမ်နေပြီ ဖြစ်ပေမယ့် စစ်ဘေးရှောင် အများစုမှာ စစ်ကောင်စီ နောက်ထပ်မံ လေယာဉ်နဲ့ ဗုံးလာကြဲ တိုက်ခိုက်ခံရမှာကို စိုးရိမ်ကြောင်လန့်ပြီး နေရပ်ကို မပြန်ချင်ကြသေးကြောင်း အုပ်ချုပ်ရေးမှူး ခူးဖရေရယ်က ပြောပါသည်။

ထိုင်းနိုင်ငံဘက်ခြမ်းကို ရောက်ရှိနေသည့် ဒေါနိုးကူးစခန်းမှ စစ်ရှောင်တဦးက “လေယာဉ်နဲ့ လာမပစ်နိုင်တော့ဘူး မပြောနိုင်ဘူးပေါ့နော်၊ သူတို့တွေက တခါလာပစ်ပြီးပြီ ဆိုတော့ နောက်ထပ်လာပစ်ဖို့ ရှိနိုင်သေးတာပေါ့နော် စိုးရိမ်ရတယ်၊ နေရပ်ပြန်ရင်လည်း စားနပ်ရိက္ခာ ရရှိနိုင်မှုနဲ့ နေရာထိုင်ခင်းတွေအတွက် အခက်အခဲတွေလည်း ရှိနေတာပါ” လို့ ပြောသည်။

ထိုင်းနိုင်ငံဘက်ခြမ်းကို ယာယီဝင်ရောက် ခိုလှုံနေကြရသည့် စစ်ဘေးရှောင်များ၏ အခြေအနေနှင့် ပတ်သတ်ပြီး ဒေါနိုးကူး စစ်ရှောင်စခန်း အုပ်ချုပ်ရေးမှူး ခူးဖရေရယ်က အခုလို ပြောပါသည်။

“သူတို့ အဲ့မှာ ပြန်တက်နေတာ အခက်ခဲရှိတာက အစားအသောက် အခက်အခဲရှိတာပေါ့နော်။ ပြီးတော့ ရိက္ခာပို့တဲ့ ကားလမ်းဘက်က လမ်းတွေလည်း မဖွင့်သေးဘူးဆိုတော့ အစားအသောက်ဘက်မှာတော့ နည်းနည်းအခက်အခဲ ရှိတယ်။ အဲ့ဒီဘက် ပြန်တက်သွားတဲ့သူတွေက စားသောက်ရေးက ကြည့်တယ်။ ဒါပေမယ့် တတ်နိုင်ရင်တော့ ကျနော်တို့ကိုယ်တိုင် သွားရှာစားသောက်ရတာပေါ့နော်Ó လို့ ခူးဖရေရယ်က ပြောဆိုသည်။

ထိုင်းနိုင်ငံဘက်က ယာယီလက်ခံထားသည့် ဒေါနိုးကူးစစ်ဘေးရှောင်အရေအတွက်မှာ စာရင်းအရ ၃၈၈၁ ဦး ရှိနေပြီး၊ အဆိုပါစစ်ဘေးရှောင် ပြည်သူတွေမှာ ကြောက်စိတ်တွေ ၊ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေသေးတယ်လို့ အုပ်ချုပ်ရေးမှူး ခူးဖရေရယ်၏ ပြောဆိုမှုအရ သိရသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here