စစ်ရေးတင်းမာနေသည့် ဖားကန့်လမ်းပိုင်း ၂ နေရာတွင် KIA က လမ်းပိတ်ဆို့ထား

0
213
ပုံစာ - ကားမိုင်း- ဖားကန့်သွားလမ်းပိုင်း ပိတ်ဆို့ထားသည့်နေရာရှိ ကုန်ကားများနှင့် အိမ်စီးကားများ။

စစ်ရေးတင်းမာနေသည့် ကားမိုင်း- ဖားကန့်သွား လမ်းမပေါ်ရှိ ကျောက်ထုနဲ့ ဂေါ့လိုယာန်နားရှိ လမ်းပိုင်းနေရာ ၂ နေရာကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ဩဂုတ် ၂၃ ရက်နေ့မှ စပြီး ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေနဲ့ KIA နဲ့နီးစပ်သူတွေက ပြောသည်။

အဆိုပါလမ်းပိုင်း ၂ နေရာနားမှာ KIA နဲ့ စစ်ကောင်စီတပ်တို့ ဩဂုတ် ၂၂ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး နန့်ယား ကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းက ဖားကန့်ဘက်ကို ဆက်ပြီးတက်လာလို့မရအောင် KIA ဘက်မှ အခုလို လမ်းပိတ်ဆို့လိုက်တာ ဖြစ်တယ်လို့ KIA နဲ့ နီးစပ်သူ ဒေသခံတစ်ယောက်က အခုလိုပြောသည်။

“နန့်ယားမှာ ရောက်နေတဲ့ စစ်ကြောင်းတွေက ဖားကန့်ဘက်ကို ပြန်တက်ဖို့ ကားတွေ လိုက်ငှားနေတယ်လို့ ကြားတယ်။ အဲ့ဒါကြောင့် KIA ကြားသွားလို့ထင်တယ် ဒီနေ့မှာ ဘယ်သူမှပြန်မသွားကြဖို့ ပြန်ပိတ်ထားတယ်။ အခုဆို ဖားကန့်လမ်းက တိတ်ဆိတ်နေတာပဲ” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ဖားကန့်လမ်းပိုင်း၌ ဩဂုတ် ၂၂ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဖားကန့်ဘက်ကို တက်လာသည့် ကုန်ကားများနှင့် ခရီးသည်ကားများကို နန့်ယား တပ်ဂိတ်မှာ စစ်ကောင်စီဘက်က ပိတ်ဆို့ထားခဲ့ပြီး ဩဂုတ် ၂၃ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်သွားလာခွင့် ပေးလိုက်ပြီလို့ ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။

သို့သော် KIA ဘက်မှ ကားမိုင်း-ဖားကန့်သွား လမ်းမပေါ် ၂ နေရာကို ထပ်မံပိတ်ဆို့လိုက်သည့် အတွက် နန့်ယား အထက်အောက် ၂ နေရာတွင် ခရီးသည်နှင့် ကုန်ကားများ ပိတ်နေဆဲဖြစ်တာကြောင့် ဖားကန့်မြို့၌ ကုန်စိမ်းကား များ အဝင် မရှိတော့သည့်အတွက် ကုန်စျေးနှုန်းများလည်း တစ်ဆမြင့်တက် နေတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက ပြောသည်။

“ဒီမနက်ကတည်းက ရပ်ကွက်တွေမှာ ဆိုင်ကယ်နဲ့ ကုန်စိမ်းလိုက်ရောင်းတဲ့ စျေးသည်တွေ ကုန်ကား အဝင်မရှိလို့ ရောင်းစရာ မရှိဘူးဆိုပြီး ပြန်ခေါက်လာကြတယ်။ ပြီးတော့ မနေ့က စားဆီတစ်ဗူး ၉၀၀၀ တန်က ဒီမနက် ၁၂၀၀၀ ထိတက်နေပြီ” ဟု ပြောသည်။

ဩဂုတ် ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း နန့်ယား စစ်တပ်ကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံး နန့်ယားဒေသခံတစ်ဦး၏ နေအိမ်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့လို့ အိမ်ဝရံတာ၌ ထိုင်နေသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီး ကျည်ထိမှန်ခဲ့တယ်လို့ နန့်ယားဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင်လည်း ၂ ဖက်အကြား စစ်ရေးတင်းမာနေသေးတာကြောင့် ဖားကန့်လမ်းတလျှောက်မှာရှိသည့် နန့်ယားကျေးရွာ အပါအဝင် ဆိုင်းဖရာ၊ ပျားအုံ၊ တံတားညီနောင်နဲ့ ခွမ်စိုင်ဇွပ် စသည့် ကျေးရွာများမှ ဒေသခံများသည် နီးစပ်တဲ့နေရာများမှာ တိမ်းရှောနေကြကြောင်း သိရသည်။

ဩဂုတ်လ ၂၂ ရက်နေ့က နန့်ယားစစ်တပ်စခန်း၌ ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်း ကားမိုင်းဘက်မှာ တက်လာချိန် ကျောက်ထုကျေးရွာအရောက်တွင် KIA ၏ စောင့်ကြိုတိုက်ခိုက်မှုကို ခံလိုက်ရတာကြောင့် နန့်ယားစစ်တပ်ကုန်းမှ ထိုနေ့တစ်ရက်လုံး လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း နန့်ယား ကျေးရွာသားများက ပြောသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here