ထီးချိုင့်တွင် စစ်ကောင်စီက မြေပြင်၊ ဝေဟင်မှပါ ထိုးစစ်ဆင်တိုက်ခိုက်နေဟုဆို

0
190
ပုံစာ - ထီးချိုင့်တွင် စစ်ကောင်စီက မြေပြင်နှင့် ဝေဟင်မှပါ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ခိုက်မှုကို ခံခဲ့ရသည့် စစ်ကောင်စီ တပ်သည် မြေပြင်နှင့် ဝေဟင်မှပါ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အပြင် အရပ်သား တချို့ကိုလည်း ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ထီးချိုင့်မြို့နယ် မြောက်ပြင်ဒေသတွင် တော်လှန်ရေး ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကို ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ယင်းသို့တန်ပြန် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် ပူးပေါင်းတပ်များက ဆိုသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံရပ်မိရပ်ဖတစ်ဦးက “ကျနော်တို့ မြောက်ပြင်မှာ ပွဲအကြီးအကျယ် ဖြစ်တယ်။ ၁၉ ရက်နေ့က သရက်ချောင်းနဲ့ ညောင်လင်းချောင်ထဲမှာ ခွဲပြီးအိပ်တာ အဲ့ဒီစစ်သားတွေက အဲ့ဒီ အိပ်တဲ့ နေရာကနေ ၂၀ ရက်နေ့မှာ မန်ကင်းတောင်တန်းပေါ်ကို တက်လာတယ်။ တက်လာတဲ့အချိန် အေတူး (AA) ရယ်၊ သုံးလုံးရယ် (KIA) ရယ် မြို့နယ် ပကဖတွေရယ် အားလုံးပေါင်းပြီးမှ အသင့်အနေအထားပေါ့၊ သူတို့ ဘက်ကလည်း ရဲရဲဝံ့ဝံ့တက်လာတာကို ဒီဘက်ကလည်း ရဲရဲဝံ့ဝံ့ကို ရင်ဆိုင်ပေးလိုက်တာ” ဟု ပြောသည်။

ဩဂုတ်လ ၂၀ ရက်နေ့၌ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ရက္ခိုင့်တပ်တော် AA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တို့အကြား တစ်နေကုန်နီးပါး တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ရာ ပူးပေါင်းတပ်များဘက်တွင် ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ပူးပေါင်းတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ပွဲက ၈ နာရီ မိနစ် ၂၀ ကနေ စလိုက်တာ၊ ဘယ်အချိန်မှ ပြီးလဲဆိုတော့ ညနေမိုးချုပ်မှ ပြီးသွားတယ်။ နေ့လည် ၁၂ နာရီလောက်မှာတော့ နားတော့မနားဘူး။ အပစ်နည်းနည်းလေး ကျဲသွားတယ်။ ပကဖ ရဲဘော်ဘက်က တစ် ယောက်၊ နောက်ပြီးတော့ သုံးလုံး (KIA) က တစ်ယောက် မစိုးရိမ်ရ ဒဏ်ရာတွေ ရကြတယ်” ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး ၎င်းက “ သုံးခါ လာပစ်တာ လေယာဉ်နဲ့၊ အဲ့ဒါက ဘယ်က လေယာဉ်လဲဆိုတော့ မြစ်ကြီးနားက လေယာဉ်၊ သုံးခါ လာကြဲတယ်။ လာကြဲပြီးတော့ အေတူး (AA) က ယမ်းစတွေတော့ နှစ်ယောက်မှန်သွားတယ်။ အဲ့ဒါလည်း မစိုးရိမ်ရ” ဟု ပြောသည်။

ဩဂုတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် ထီးချိုင့်မြို့နယ် တိုက်ပွဲတွင် KIA နှင့် PDF အဖွဲ့ဘက်က တစ်ဦးစီ နှင့် AA ဘက်က နှစ်ဦး အသေးစား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။ သို့သော်အရပ်သား ပြည်သူထိခိုက်မှု မရှိခဲ့ကြောင်း ပူးပေါင်းတပ်နှင့် နီးစပ်သူက ဆက်ပြောသည်။

“အဲ့ဒီနေ့ နေ့လည် ၁၂ နာရီကျတော့ သူတို့ဆီက လက်နက်တွေ ကာကွယ်ရေးတပ်တွေဘက်က ရလိုက်တယ်။ လက်နက်ငယ်က နှစ်လက်၊ နောက်ပြီး ပစ္စည်းတွေ၊ နောက်ပြီး စိန်ပြောင်းတို့၊ RPG တို့ ကျည်ဆန်ရော အကုန်ပေါ့ဗျာ၊ လက်နက်တွေ ခဲယမ်းမီးကျောက်တွေ တော်တော်ရလိုက်တယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီဘက်က လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့သည့်အပြင် ထိခိုက်သေဆုံးမှု များပြားသည်ဟု သိရသော်လည်း လူဦးရေမည်မျှ ဆိုသည်ကို အတည်မပြုနိုင်သေးကြောင်းနှင့် ယနေ့အချိန်ထိ နှစ်ဖက်အကြား စစ်ရေး တင်းမာနေဆဲဖြစ်သည်ဟု ဆိုကြသည်။

ထီးချိုင့်မြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် နှစ်ရက်ဆက် တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ထီးချိုင့်၊ ကျောက်မှော်ကျေးရွာမှ ဒေသခံ ၄ ဦး အပါအဝင် အနီးအနား ဝန်းကျင် ကျေးရွာများက အရပ်သား ၅၀ ခန့်ကို ဖမ်းဆီးသွားသည်ဟု တော်လှန်ရေး ပူးပေါင်းတပ်များက ပြောသည်။

ထီးချိုင့်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ လေကြောင်း ပစ်ခတ်မှုများအပြင် စစ်ရေးတင်းမာ နေမှုများကြောင့် ကျောက်မှော်၊ ဇီးကုန်း၊ ကွင်းကြီးနှင့် အနီးအနားရှိ အခြားကျေးရွာများက ဒေသခံများက စစ်ဘေးလွှတ်နိုင်မည့် နေရာများတွင် ပြောင်းရွှေ့ စစ်ရှောင်နေကြရကြောင်း သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here