ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ပြစ်ဒဏ်များလျော့ပေါ့ပေးခြင်းသည် တော်လှန်ရေးအားပျော့အောင် လုပ်ဆောင်နေခြင်းဟုဆို

0
159
ပုံစာ - စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ပြစ်ဒဏ်တချို့လျော့ပေါ့။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့အား ချမှတ်ထားသည့် ပြစ်ဒဏ်များအနက် ပြစ်ဒဏ်တချို့ကို လျှော့ပေါ့ပေးခြင်းသည် ပြည်သူများဆင်နွှဲနေသည့် တော်လှန်ရေးကြီးကို အားပျော့အောင် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“အခုဟာက ပြည်တွင်း အကျပ်အတည်း၊ နိုင်ငံရေး အကျပ်အတည်း၊ စီးပွားရေး အကျပ်အတည်း ဘက်စုံ အကျပ်တည်းတွေ ဆိုက်နေတဲ့အချိန်မှာ သူတို့က သဘေားထား ပျော့ပြောင်းလာတဲ့ပုံစံမျိုး ဂိုက်ဖမ်းလာတာ။ ဒါပေမယ့် ဒီနေ့ ဒီအချိန်ထိ သူတို့တွေ ပြည်သူတွေကို နှိပ်စက်သတ်ဖြတ် မီးရှိုနေတဲ့ အလုပ်တွေက ဆက်လုပ် နေတုန်းပါပဲ။ အဲ့တော့ ဆိုလိုတဲ့သဘောကတော့ သူတို့ ပျော့ပြောင်းတဲ့ပုံစံတွေ မူယာမာယာတွေ သံတမန်ရေးအရ လှုပ်ရှားမှုတွေကို ထင်မြင်ကောင်းအောင်၊ ပုံရိပ်ကောင်းအောင် ကြိုးစားနေတာတွေကို မြင်ရတယ်။ ဒါအားလုံးဟာ စစ်ကောင်စီက သူ့အကျပ်တည်း ထွက်ပေါက်အတွက် စဉ်းစားလုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်ကျခံနေရသည့် ရာဇာ၀တ်ကြီးအမှတ် ၃၅/ ၂၀၂၁၊ ရာဇာ၀တ်ကြီး အမှတ် ၇၁/ ၂၀၂၁၊ ရာဇာ၀တ်ကြီးအမှတ် ၃၈/၂၀၂၁၊ ရာဇာ၀တ်ကြီးအမှတ် ၄၅/၂၀၂၁ တို့အား လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

“ဒေါ်စု နေရာပြောင်းပေးတာတွေ ဘာတွေကလည်း ကောင်းမှုနဲ့ ပျော့ပြောင်းမှုတွေ လုပ်လာတာဟာ ကျနော်တို့ ပြည်သူတွေဆင်နွဲနေတဲ့ ပြည်သူ့တော်လှန်ရေးကြီးအတွက် အားပျော့သွားအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ နည်းပရိယာယ်သာ ဖြစ်တဲ့အတွက် မယုံကြည်ကျဖို့ ကိုယ့်တိုက်ပွဲကို ရဲရဲရင့်ရင့် တိုက်သွားဖို့ လိုတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဦးသန်းစိုးနိုင်က သုံးသပ်ပြောဆိုသည်။

ထို့အပြင် သမ္မတဦးဝင်းမြင့်အား ချမှတ်ထားသည့် ပြစ်ဒဏ်များထဲမှ ရာဇာ၀တ်ကြီးအမှတ် ၃၅/၂၀၂၁၊ ရာဇာ၀တ်ကြီးအမှတ် ၃၆/ ၂၀၂၁ တို့ကို လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

အကျဉ်းထောင်၊ အချုပ်ထောင်၊ အချုပ်စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျည်းသားအကျဉ်းသူ ၇၇၄၉ ဦး တို့အား ရာဇ၀တ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်ကျခံနေသူများကိုလည်း စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့သည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသည်ဟုဆိုကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၇၂ ဦး ကိုလည်း တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများအား ပိတ်သိမ်းပြီး တရားခံများအား အမှုမှ လွတ်ပေးခဲ့သည်။

နိုင်ငံအချင်းချင်း မိတ်၀တ်မပျက်ဆက်ဆံရေးအတွက် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသူ အကျဉ်းသား ၁၂၅ ဦးကို ပြစ်ဒဏ်လျော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

သေဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသားအကျဉ်းသူများအား သေဒဏ်ပြစ်ဒဏ်မှ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံရန် သက်သာခွင့်ပြုပေးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြစ်ဒဏ်လျော့ပေါ့ပေးခြင်းနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုမှုများအား သြဂုတ်လ ၁ ရက် ဒုတိယ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုထုတ်ပြန် ထားသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here