အိန္ဒိယအစိုးရက မြန်မာစစ်ဘေးရှောင်များ၏ ဇီ၀မှတ်တမ်းများ စတင်ကောက်ယူမှု ချက်ချင်းရပ်တန့်ဖို့ တောင်းဆို

0
162
ပုံစာ- မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်စခန်းတချို့

အိန္ဒိယနိုင်ငံတွင် ၀င်ရောက်ခိုလှုံနေကြသည့် မြန်မာစစ်ဘေးရှောင်များ၏ ဇီ၀မှတ်တမ်းများကို အိန္ဒိယ အစိုးရက စတင်ကောက်ယူနေသည့်အပေါ် India For Myanmar အဖွဲ့က အပြင်းအထန် ကန့်ကွက် ရှုတ်ချပြီး ချက်ချင်းရပ်တန့်ရန် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ စစ်ရေးပဋိပက္ခများကြောင့် မဏိပူရ်ပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်ထဲသို့ ဝင်ရောက် ခိုလှုံလာကြသော မြန်မာစစ်ဘေးရှောင်များ၏ ဇီ၀မှတ်တမ်း (Bio matric) ကို အိန္ဒိယအစိုးရ၊ ပြည်ထဲရေးဝန်ကြီး ဌာန၏ ညွန်ကြားချက်ဖြင့် ဇူလိုင် ၂၉ ရက်နေ့မှ စတင်ပြီး စက်တင်ဘာလအထိ အပြီးကောက်ယူရန် သက်ဆိုင်ရာ ပြည်နယ်အစိုးရတို့က စတင်ဆောင်ရွက်နေကြပြီဖြစ်ကြောင်း သိရသည်။

အဆိုပါမှတ်တမ်း ကောက်ယူမှုနှင့် ပတ်သက်၍ India For Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ ဒီ Biometric ကို တခြား မတရားတဲ့ နည်းလမ်းနဲ့သုံးမှာကို စိုးရိမ်တယ်။ ဒီနိုင်ငံရေးကြောင့် စစ်ရှောင် လာတဲ့သူတွေ၊ ဥပမာ CDM တွေ၊ ရဲ၊ စစ်သား၊ စစ်ရှောင်တွေ၊ နိုင်ငံ‌ရေး ကိစ္စကြောင့် ဝရမ်းပြေး လာတဲ့သူတွေ၊ ဒီအိန္ဒိယဘက်မှာ ခိုလှုံလာတဲ့သူတွေကို ဖမ်းဆီးပြီးတော့မှ မြန်မာနိုင်ငံကို ပြန်ပို့မှာကို စိုးရိမ်တယ်၊ နောက်ပြီး‌တော့ မူးယစ်ဆေးဝါးမှုကိစ္စ အပါအဝင် မဏိပူရ်ပြည်နယ် ပဋိပက္ခက မြန်မာနိုင်ငံ သားတွေကြောင့် ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိခဲ့ပြီဆိုတော့ ဒီလိုရာဇတ်မှုတွေ‌ပေါ်မှာ အဲ့ဒီ Biometric ကို အသုံးချပြီးတော့မှ စွပ်စွဲချက်တွေ ဖြစ်လာမှာကိုလည်း စိုးရိမ်စရာရှိတယ်။ ဒီလိုစိုးရိမ်ချက်တွေကြောင့် ကျွန်တော်တို့ ကွန့်ကွက်ရတာ ဖြစ်တယ်” ဟု ပြောသည်။

Biometric (ဇီဝမှတ်တမ်း) ကောက်ယူခြင်းဆိုသည်မှာ လူတဦးချင်းစီ၏ မတူညီသော တမူထူးခြားသော ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်) အပြုအမူဆိုင်ရာ လက္ခဏာများကို နည်းပညာအသုံးပြု သိမ်းဆည်းပြီး လူတဦးချင်းစီအား ခွဲခြားမှတ်တမ်းတင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ဇီဝဗေဒဆိုင်ရာ အချက်အလက်များတွင် လက်ဗွေများ၊ မျက်နှာပုံများ၊ မျက်လုံးစကင်န်များ၊ DNA ပရိုဖိုင်၊ အသံများနှင့် အခြားအရာများပါဝင် ကောက်ယူသည်ဟု သိရသည်။

စစ်ဘေးရှောင် မြန်မာပြည်သားများအား အတင်းအဓမ္မ ဇီဝမှတ်တမ်းကောက်ယူခြင်းသည် ပုဂ္ဂလိက လွတ်လပ်ခွင့် (Right to Privacy) ကို ချိုးဖောက်ခြင်းဖြစ်ပြီး မှတ်တမ်းများကို စုဆောင်းခြင်းနှင့် သိမ်းဆည်းခြင်းသည် လူတဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာဘဝများသို့ ဝင်ရောက်ချယ်လှယ်ခြင်း ဖြစ်ကြောင်း India For Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မည်သည့်အချက်အလက်မဆို ကောက်ယူပါက ကြိုတင်အသိပေးထားသော သဘောတူညီမှု (Informed Consent) နှင့် မိမိဆန္ဒအလျောက် (Voluntary) ဒုက္ခသည်များက အချက်အလက်ပေးသည့် ဖြစ်စဉ် ဖြစ်ရမည်ဟုလည်း India For Myanmar က ပြောဆိုသည်။

ထို့အပြင် အိန္ဒိယနိုင်ငံသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင် ခဲ့ရသည့်အတွက် စီးပွားရေး၊ လူမှုရေး အဆင်မပြေမှုများကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခမျိုးစုံခံစားနေရသည့် မြန်မာစစ်ဘေးရေှာင် ပြည်သူများအား စာနာစိတ်ကင်းမဲ့စွာ လုံခြုံရေးအကြောင်းပြချက်ဖြင့် လူပုဂ္ဂိုလ် တစ်ဦးစီ၏ စိတ်ဆန္ဒကို လျှစ်လျူရှု၍ အတင်းအဓမ္မ ဇီ၀မှတ်တမ်း ကောက်ယူခြင်းကို အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်ဟု India For Myanmar က ဆိုသည်။

ဒုက္ခသည်များအား ဇီ၀မှတ်တမ်းကောက်ယူမှုသည် ထောက်လှမ်းရေး နည်းပညာအသုံးပြု၍ ပြည်သူများ၏ လှုပ်ရှားမှုများအား စောင့်ကြည့်ခြင်း ဖြစ်ပြီး မြန်မာစစ်အုပ်စုနှင့် အနီးကပ် သံတမန်ဆက်ဆံရေး ရှိနေသည့် အိန္ဒိယအစိုးရထံသို့ အချက်အလက်များ ပေးအပ်ရန် မြန်မာဒုက္ခသည်များ အနေဖြင့် အာဏာအလွဲသုံးစား ပြုလုပ်ခံရမည်ကို စိုးရိမ်ပူပန်မှုများ တိုးပွားနေသည်ဟုလည်း သိရသည်။

ဆလိုင်းဒိုခါရ်က “ဒီရရှိတဲ့ အချက်လက်လေးတွေကို အိန္ဒိယအစိုးရအနေနဲ့ စကစနဲ့ ပူးပေါင်းပြီးတော့မှ အချက်လက်တွေကို ပူးပေါင်းသွားမှာကို စိုးရိမ်တယ်။ နောက်ပြီးတော့ အခုချိန်မှာလည်း နောက်တချက် ရှိတာက စကစဘက်ကနေ Biometric ကောက်ထားတာတွေ ရှိတယ်။ ရွေးကောက်ပွဲ အကြောင်းပြပြီးတော့ ကောက်တယ်။ ဒါပေမဲ့ ဒီအချက်ကို ကျွန်တော်တို့ ကြည့်မယ်ဆိုရင် တိုက်တိုက်ဆိုင်ဆိုင်နဲ့ Biometric ကို စကစနဲ့ အိန္ဒိယအစိုးရ ပူးပေါင်းပြီးတော့မှ မြန်မာနိုင်ငံသားတွေ အပေါ်မှာ ကောက်ခံသလို ဖြစ်တယ်” ဟု ပြောသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here