ရန်ကုန်မြို့ရှိ စကစတပ်စခန်း ၂ ခု အပါအဝင် နေရာ ၆ ခု ကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ ဗုံး ၁၂ လုံးဖြင့် တိုက်ခိုက်ခဲ့ဟုဆို

0
202
ပုံစာ - စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များ လုံခြုံရေးယူထားစဉ် (ပုံဟောင်းဖြစ်သည်)

ရန်ကုန်မြို့ရှိ စစ်ကောင်စီ တပ်စခန်း ၂ ခုအပါအဝင် နေရာ ၆ ခု ကို ဇူလိုင်လ ၄ ရက် ညပိုင်းက ဗုံး ၁၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုသည်။

‌ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် နေရာများမှာ ဗဟန်းမြို့နယ်ထဲရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဦးဌာန၊ အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ် တရားရုံး၊ လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်းတို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ထဲက ဗိုလ်ချုပ်ကျေးရွာ၊ အောင်ချမ်းသာနှင့် တပင်‌ရွှေထီးလမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကိုလည်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျနော်တို့ဘက်တော့ (လှိုင်သာယာ ၅ ထိပ်) ည ၈ ခွဲ ၉ နာရီ ကျော်လောက်မှာ ပေါက်ကွဲသံ ၂ ကြိမ်လောက် ကြားခဲ့တယ်ဗျ။ ဒီမနက် သတင်းကြားတာက စကစ တပ်သား ၂ ယောက် ဆုံးတယ်လို့ ကြားတယ်” ဟု ‌‌ဒေသတွင်း သတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ ဖောက်ခွဲမှုများကို ရန်ကုန်မြို့တွင်းရှိ တော်လှန်ရေးအဖွဲ့များဖြစ်သည့် Anonymous Fighters Force – AFF က ဦး‌ဆောင်ပြီး Freeland Attack Force – FLA၊ Phoenix Urban Guerrilla Force၊ Emerald Girls Army – EGA၊ Rangoon Urban Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လှိုင်သာယာနှင့် သန်လျင်မြို့နယ်အတွင်း ဖောက်ခွဲမှုများတွင် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်သား ၃ ဦး ထက် မနည်းသေဆုံးနိုင်ကြောင်းနှင့် ထိခိုက်မှုများ ရှိကြောင်းလည်း AFF အဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်များသည် ရန်ကုန်မြို့အတွင်း လုံခြုံရေး တိုးမြှင့်ချထားမှုများနှင့် ရဲကား၊ စစ်ကားများ အသုံးပြုပြီး ရပ်ကွက်များအတွင်း လှည့်လည်မှုများ ၂၀၂၃ ခုနှစ် ဧပြီလနောက်ပိုင်း ပိုမိုပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။

ရန်ကုန်မြို့တွင်း စစ်ကောင်စီတပ်များ ယခုကဲ့သို့ လုံခြုံရေးတိုးမြှင့်ထားသည့်ကြားမှ တော်လှန်ရေး တပ်ဖွဲ့များက စစ်ကောင်စီ အဓိက ဒေါက်တိုင်များအား ပစ်မှတ်ထား ရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here