လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ် ပပျောက်စေရေး လူကြီးလူငယ်မရွေး တော်လှန်ကြရန် KNU တိုက်တွန်း

0
297
ပုံစာ - “၇၄” ကြိမ်မြောက် ကော်သူးလေတပ်မတော်နေ့အခမ်းအနား တက်ရောက်ကြသူများ (Photo – KIC)

အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒ ပပျောက်စေရေး လူကြီးလူငယ်မရွေး တော်လှန်ကြရန် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၇) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဖောဒိုက တိုက်တွန်း ပြောဆိုလိုက်သည်။

လက်ရှိတွင် ကေအဲန်ယူအနေဖြင့် အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒအား တိုက်ဖျက်ရန် လုပ်ဆောင်နေပြီး မိမိတို့ အဖွဲ့စည်းအတွင်းရှိ အာဏာရှင်များအားလည်း လက်သင့်မခံကြောင်း၊ မြန်မာနိုင်ငံအတွင်း ခေတ်အဆက်ဆက်မှ ယနေ့ထိတိုင် လူမျိုးကြီးဝါဒကို ကျင့်သုံးဆဲ ဖြစ်ကြောင်း ဗိုလ်မှူးချုပ်စောဖောဒိုက ဇူလိုင် ၅ ရက် က ကေအဲန်ယူ ဗဟိုဌာနချုပ်၌ ကျင်းပပြုလုပ်သော “၇၄” ကြိမ်မြောက် ကော်သူးလေတပ်မတော်နေ့ အခမ်းအနားတွင် ပြောဆိုခြင်း ဖြစ်သည်။

“ကျုပ်တို့လည်း အသက်ကြီးလာပြီဆိုပေမယ့် လျှော့ချင်လည်းလျှော့လို့ရတဲ့ အနေအထား မဟုတ်ဘူး၊ ဒါကြောင့် လူငယ်လေးတွေကို ပြောချင်တာက ကိုယ့်လူကြီးတွေရဲ့ ရှေ့ဆောင်မှုကို အတုယူပြီးတော့ လူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို တိုက်ထုတ်ရမယ်၊ ဘယ်လူမျိုးမဆို အာဏာရှင်စနစ် ကျင့်သုံးလာပြီဆို မရတော့ဘူး။ ဒါကြောင့် ဒီခေတ်မှာ လူကြီးရော၊လူငယ်ရော တော်လှန်ကြရမယ့် တာဝန်ရှိတယ်” ဟု ၎င်းက တိုက်တွန်းသည်။

ထိုအခမ်းအနားတွင် တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဖောဒိုက “လူဆိုတာ သေမျိုးချည်းပဲ မသေခင်မှာ သူများနိုင်ငံ တိုးတက်သလို ကိုယ့်နိုင်ငံ မတိုးတက်အောင် ဒုက္ခပေးတာမျိုးကတော့ ဘယ်သူကမှ လက်မခံဘူး၊ ဒါကြောင့် တော်လှန်ရေး ကာလမှာ အားလုံး၊ လူမျိုးမရွေး ဘာသာမရွေး စည်းလုံးညီညွတ်ကြပါ၊ သစ္စာရှိကြပါလို့ပဲ ပြောချင်တယ်” ဟု ပြောဆိုသည်။

အခမ်းအနားသို့ တက်ရောက်လာသူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ရဲဘော်တစ်ဦးက ကွဲပြားနေသော ကရင့်လက်နက်ကိုင်များ ပြန်လည်ပေါင်းစည်းရေးအတွက် မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင် စနစ်အား တိုက်ဖျက်ရမည် ဖြစ်ပြီး သို့မှသာ တိုင်းရင်းသားလူမျိုးများ၏ ရည်မှန်းချက် ပန်းတိုင်များလည်း ပြန်လည် ပေါင်းစည်းကာ နောင်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်နိုင်မည်ဟု ပြောသည်။

“ဒီလိုမှမဟုတ်ဘဲ လူမျိုးတစ်စုနဲ့တစ်စု အဖွဲ့အစည်းတစ်ဖွဲ့နဲ့တစ်ဖွဲ့ ကိုယ့်ပုံစံနဲ့ကိုယ် သွားနေမယ်ဆိုရင် ကျနော်တို့ရဲ့ အနာဂတ်ရည်မှန်းချက်ကို ရောက်ရှိဖို့ မလွယ်ဘူး၊ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့အတူ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ တော်လှန်ရေး အာဏာရှင် စနစ်ကို တော်လှန်မယ့် စိတ်ဓာတ် ညီညွတ်မှုတွေနဲ့အတူ ရှေ့ဆက်သွားမှသာ ရည်ရွယ်ချက်ကို ရောက်ရှိမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

“၇၄” ကြိမ်မြောက် ကော်သူးလေတပ်မတော်နေ့သို့ ကေအဲန်ယူ ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၊ တွဲဘက်အထွေထွေ အတွင်းရေးမှူး-၂ ပဒိုစောလှထွန်းနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ တပ်မဟာ ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖောဒို၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ စစ်ရေးချုပ် ဗိုလ်ချုပ်မန်းရှာထုဝေါ်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၊ ရဲဘော်များအပါအဝင် ကရင်လူထုများ စုစုပေါင်း ၂၀၀ ရာကျော် တက်ရောက် ခဲ့ကြသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here