ကာမိုင်းမြို့အဝင်ဂိတ်ကို စုပေါင်းဂိတ်အဖြစ် ဖွင့်လှစ်စစ်ဆေး

0
145
ပုံစာ - ကာမိုင်း-လဝါးလမ်းဆုံရှိ ဂိတ် (photo – CJ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့အဝင် ညောင်ပင်ကျောင်းအရှေ့နေရာနှင့် လဝါးလမ်းဆုံလမ်းခွ နေရာ၌ စစ်သားများ၊ ပြည်သူ့စစ်များနှင့် ရဲများ စုပေါင်းပြီး အတက်အဆင်း ကားများကို တားဆီးစစ်ဆေးနေ သည်ဟု ဒေသခံများက ပြောသည်။

ကာမိုင်းဒေသခံ အမျိုးသားတစ်ဦးက “ကားအကြီးတွေ၊ ပစ္စည်းသယ်တဲ့ကားတွေ၊ ဆီသယ်ကားတွေ၊ ကားတွေ အကုန်လုံးကို စစ်ဆေးနေတာ။ တချို့ လိုင်စင်မဲ့ကားတွေကိုလည်း ဖမ်းထားတယ်လို့ ကြားတယ်။ ကျနော်တို့က တော့ မတွေ့ရဘူး။ တချို့တွေကိုဆိုရင် ပြန်လှည့် ပြန်ခိုင်းတဲ့သူတွေလည်း ရှိတယ်လို့ ပြောတယ်” ဟု ဆိုသည်။

ဇွန်လ ၂ ရက်နေ့မှ စ၍ ယနေ့အချိန် အထိ အဆိုပါစုပေါင်းတပ်က ကာမိုင်းဗျူဟာကုန်းမှ နေ့စဉ် နံနက် ၇ နာရီခန့်တွင် ကျေးရွာထဲ ဆင်းလာပြီးနောက် ဂိတ်ထိုင်စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများ ပြောဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီ စစ်တပ်မှ ဂိတ်ချကာ ကားများကို တားဆီးစစ်နေခြင်းများ လုပ်နေသည်နှင့် ပတ်သက်၍ အကြောင်းအရင်းကို မသိရှိကြရဟု ကာမိုင်းမြို့ ဒေသခံများက ဆိုသည်။

အလားတူ မြစ်ကြီးနား-ဖားကန့်လမ်းတလျှောက်နှင့် နန့်ယား၊ လယ်ပြင်၊ ရှအစ်ယန် စသည့် ကျေးရွာများရှိ ဂိတ်စခန်းများတွင်လည်း လမ်းသွားလမ်းလာကားများကို တားဆီးစစ်ဆေးမှုများ တင်းကြပ်ထားသည်ဟု ၎င်းတို့က ပြောဆိုသည်။

​ဒေသခံတစ်ဦးက “ဘာစစ်တာလဲ မသိဘူး။ ပြည်သူတွေ အကုန်လုံးကို ကားထဲမှာ စစ်ဆေးနေတာ။ လက်နက် ပစ္စည်းတွေကို စစ်တာလား၊ ဒီဥပဒေနဲ့ မလွတ်ကင်းသော အရာများဆိုတာ ဘာတွေကို စစ်တာလဲ မသိဘူး။ ပါလာတဲ့ ပစ္စည်းတွေကို ဆိုရင်လည်း ဟိုးအောက်ဆုံးအထိကို အနှံ့အကုန် စစ်ဆေးနေတာ။ မှတ်ပုံတင်တွေလည်း စစ်တယ်။ ဘာဖြစ်လို့ ဘာတွေကို အဓိကထားပြီး စစ်ဆေးနေကြတာလဲ မသိဘူး။ တခါတလေ ကျနော်တို့ ဒေသခံတွေကိုတောင် စစ်ဆေးချင်နေတာ” ဟု ပြောသည်။

ထို့အပြင် နန့်ယားဂိတ်တွင်လည်း စစ်ကောင်စီတပ်က ကားလိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များကို စစ်ဆေးနေပြီး လိုင်စင်မဲ့ ကားများကို ဖမ်းဆီးထားသည်မှာ ၁၀ စီး ကျော် ရှိပြီဟု နန့်ယားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ဇွန်လ ၄ ရက် ည ၉ နာရီခန့်တွင် ကာမိုင်း ဗျူဟာတပ်ကုန်းဘက်မှ လက်နက်ကြီး ကျည်ဖြင့် ၁၀ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။ ထို့အပြင် လက်နက်ငယ် ပစ်ခတ်သံများလည်း ထပ်မံကြားရပြီး မည်သည့်ဘက်သို့ ဦးတည် ပစ်ခတ်သည်ကို မသိရှိရကြောင်း ဒေသခံများက ဆိုသည်။

ယင်းဒေသခံများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအနီး လက်နက်ကြီး/ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်နေသောကြောင့် နေအိမ်များကို ထိမှန်ပျက်စီးမည်ကို ဒေသခံများက စိုးရိမ်နေကြသည့်အပြင် လူသူထိမှန်မည်ကိုလည်း စိုးရိမ် ထိတ်လန့်နေကြသည်။

ကာမိုင်းဗျူဟာကုန်းတွင် မေလ တတိယပတ်ကတည်းက စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ တပ်အပြောင်းအလဲရှိနေပြီး လက်ရှိတွင် စစ်ကိုင်းဘက်မှ တက်လာသည့် တပ်မ ၃၃ မှ အင်အား ၁၀၀ ကျော် နီးပါးက စခန်းချနေထိုင်သည်ဟု ဒေသခံများက ပြောသည်။

KNG ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here