“ဒီ ၁၂ နှစ် အတွင်း ကိုယ့်နယ်မြေမဟုတ်တဲ့အတွက် အခက်အခဲတွေကတော့ အများကြီး ကြုံရတယ်။ နေရာထိုင်ခင်း အဆင်မပြေတာ ရှိတယ်၊ စားဝတ်နေရေးအတွက် စိုက်ခင်းတွေ လုပ်စားဖို့ကလည်း ကိုယ်ပိုင်တာ ဘာမှ မရှိဘူးလေ။ အခုနောက်ပိုင်းဆို ကုန်ဈေးနှုန်းတွေ တက်လာတဲ့အတွက် ဝယ်စားဖို့လည်း ခက်လာတယ်” ချီဖွေ စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦး

0
166
ပုံစာ - ကချင်စစ်ဘေးရှောင် သက်ကြီးအမျိုးသမီးတစ်ဉီး

ကချင်ဒေသအသီးသီးမှ စစ်ရှောင်အမျိုးသမီးများ၏ မတူညီသော အသံများ

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှ စတင်ခဲ့သော ကချင်ဒေသတစ်ကျော့ပြန် တိုက်ပွဲသည် ၂၀၂၃ ဇွန် ၉ ရက်တွင် ၁၂ နှစ် ပြည့်ပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် စစ်ရှောင်အများစုမှာ နေရပ်မပြန်သေးသလို နေရပ်ပြန်သော ပြည်သူများသည်လည်း ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့မှု အများအပြား လိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။

ထိုသို့စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရစဉ်မှ လက်ရှိချိန်အထိ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဆုံးရှုံးနစ်နာမှုများနှင့် ပတ်သက်ပြီး ကချင်ဒေသအသီးသီးမှ စစ်ရှောင်အမျိုးသမီးများ၏ မတူညီသော အသံများကို စုစည်းမေးမြန်း ဖော်ပြထားပါသည်။

ချီဖွေ စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦး

“ကျွန်မတို့ ဒီ ၁၂ နှစ် အတွင်း ကိုယ့်နယ်မြေမဟုတ်တဲ့အတွက် အခက်အခဲတွေကတော့ အများကြီး ကြုံရတယ်။ နေရာထိုင်ခင်း အဆင်မပြေတာ ရှိတယ်၊ စားဝတ်နေရေးအတွက် စိုက်ခင်းတွေ လုပ်စားဖို့ကလည်း ကိုယ်ပိုင်တာ ဘာမှ မရှိဘူးလေ။ အခုနောက်ပိုင်းဆို ကုန်ဈေးနှုန်းတွေ တက်လာတဲ့အတွက် ဝယ်စားဖို့လည်း ခက်လာတယ်၊ ကျွန်မတို့လည်း နေရပ်ကို အရမ်းပြန်ချင်နေပြီဟုတ်တယ်”

မံစီ စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦး

“စပြီးတော့ စစ်ရှောင်လာကတည်းက ဘာမှ မသယ်လာနိုင်ခဲ့ဘူး။ ကိုယ်လွတ်ရုန်းပြီးပဲ ပြေးလာခဲ့ရတာ အိမ်ကနေ ဘာမှ သယ်မလာနိုင်ဘူး။ ဘယ်လိုတွေ ဖြတ်သန်းလာခဲ့ရတယ်ဆိုတာတောင် မပြောပြတတ်ဘူး၊ သူများဆီက ပိုက်ဆံချေးပြီး ကလေးတွေကို ကျောင်းထားခဲ့ရတယ်။ တကယ်လို့ နေရပ်ပြန်လို့ရမယ်ဆိုရင် နေအိမ်တွေ ဆောက်ယူချင်တယ်၊ ရေမီးအစုံနဲ့”

ကွတ်ခိုင်၊ နမ့်ဖက်ကာ စစ်ရှောင်စခန်းမှ အမျိုးသမီး

“ကျွန်မတို့ စစ်ရှောင်စခန်းမှာပဲ နေတာကြာလာတဲ့အတွက် ကျွန်မတို့ကလေးတွေ လူငယ်တွေက ပညာရေးပိုင်းမှာ စိတ်၀င်စားမှု နည်းလာတယ်။ စစ်ကောင်စီကဖွင့်တဲ့ ကျောင်းမှာလည်း မတက်ချင်ကြဘူး၊ အသင်းတော်ကဖွင့်တဲ့ နေရာမှာ တက်ဖို့ကလည်း ငွေကြေးမတတ်နိုင်ပြန်ဘူး။ အဲ့လိုမျိုး အခက်အခဲတွေ ရှိတယ်၊ ကျွန်မတို့ နေရပ်မှာလည်း မပြန်တာကြာတော့ ချုံတွေ ထူနေပြီ။ ပြန်ရင်လည်း အစကနေ ပြန်လုပ်ရမယ်၊ ကျွန်မတို့က စားဝတ်နေရေးအတွက် စိုက်ခင်းကို တစ်နိုင်တပိုင် လုပ်ကြတယ်လေ။ နိုင်ငံရေးတွေ ပြန်ကောင်းရင်တော့ အရမ်းပြန်ချင်တယ်”

မြစ်ကြီးနား၊ ပလန စစ်ရှောင်ရွာမှ အမျိုးသမီး

“ကျွန်မတို့က ဘာတွေဘဲဖြစ်ဖြစ် သူများတွေနဲ့ ရင်ဘောင်မတန်းနိုင်တဲ့အတွက် အခက်အခဲတွေ အများကြီးရှိတယ်။ ပညာဆက် မသင်တော့တဲ့လူငယ်တွေနဲ့ မိခင်တော်တော်များများ စစ်ရှောင်စခန်းမှာပဲ ကလေးတွေကိုကြည့်ပြီး နေတာဆိုတော့ စားဝတ်နေရေးအတွက် တစ်နိုင်တပိုင်လုပ်နိုင်မယ့် အမြင်ဖွင့်သင်တန်း‌တွေ အသက်မွေးဝမ်းကြောင်းနဲ့ ပက်သတ်တဲ့ သင်တန်းတွေ ဖွင့်ပေးစေချင်တယ်”

KNG ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here