စစ်ကိုင်း၊ ခင်ဦးမြို့ ဒေသခံ ၃၀၀၀ ကျော် စစ်ကောင်စီ မီးရှို့မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရ

0
136
ပုံစာ - ခင်ဉီးမြို့၊ ရွာသစ်ကျေးရွာနှင့် ပတ်ဝန်းကျင်ရွာ ဒေသခံများ အသက်ဘေးရှောင်နေကြစဉ် (CJ)

စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ရွာသစ်ကျေးရွာသို့ ပြီးခဲ့သည့် ဇွန်လ ၁ ရက် နံနက် ၅ နာရီခွဲ အချိန်က သေနတ်များ ပစ်ခတ်ဝင်ရောက်လာပြီး လူနေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

“မနက် ဝေလီဝေလင်းက ဝင်ရောက်လာတာပါ။ ကျေးရွာနေအိမ်မီးရှို့တာတွေလုပ်ပြီး ရမ်းသန်းပစ်ခတ်တာတွေ လုပ်သွားတာတွေကြောင့် ရွာသားတွေရော အနီးနားက ဒေသခံ ကျေးရွာသူ ကျေးရွာသားတွေရော ထွက်ပြေးတိမ်းရှောင်နေကြရတာ” ဟု ရွာသစ်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ရွာသစ်ကျေးရွာအတွင်းသို့ အင်းပတ်ကွေ့တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်များနှင့် ပျူစောထီးများက အင်အားအများအပြားဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရွာသစ်ကျေးရွာသည် ရေဦး – ညောင်ပင်သာ ကားလမ်းဘေးတွင် တည်ရှိပြီး ကျေးရွာမီးရှို့ခံရပြီးနောက် ပတ်ဝန်းကျင်ရှိ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ မူးသာကျေးရွာစသည့် ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

“ထွက်ပြေးနေတဲ့ လူက ၂၅၀၀ – ၃၀၀၀ ကျော် လောက်ရှိတယ်။ ဒီနားက လေးငါးရွာဆိုတော့။ စားစရာနဲ့ ရေကို အဓိက ထားသယ်ပြီး ဘေးလွတ်ရာပြေးရှောင်ကြရတာပေါ့။ မထင်မထင်သလို့ ဒီကောင်တွေက မီးရှို့နေတာ။ အသက်ကြီးတော့လဲ ပြေးရလွှားရတာ အဆင်မပြေးဘူးပေါ့” ဟု ချမ်းသာကုန်းက အသက် (၇၀) အရွယ် အဖွားတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံများက ၎င်း ကျေးရွာများတွင် မကြာခဏဆိုသလို ရိက္ခာလု၊ နေအိမ်မီးရှို့မှုများ၊ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှုများ ပြုလုပ်လေ့ရှိကြောင်း အသက်ဘေးရှောင် ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် မီးရှို့ဖျက်ဆီး၊ လက်နက်များဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျေးရွာဒေသခံများထံက သိရှိရသည်။

ရွာသစ်ကုန်းကျေးရွာတွင် တပ်စွဲထားသည့် စကစနှင့် ပျူစောထီးများသည် ရွာသစ်၊ ချမ်းသာကုန်းနှင့် မြကန် ကျေးရွာများသို့ မကြာခဏ ရိက္ခာလာရောက်လုယက်မှုနှင့် အတူ နေအိမ်မီးရှို့များ ပြုလုပ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

နိရဉ္စရာ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here