စစ်ကောင်စီတပ်စခန်းအနီး တစ်မိုင်ပတ်လည်တွင် နေထိုင်သည့် ပြည်သူများ ပြောင်းရွှေ့ရန် CDM Siyin က သတိပေးထုတ်ပြန်

0
185

စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားသော ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ရဲစခန်းနှင့် ကလေးတက္ကသိုလ် မုခ်ဦးအနီး အနည်းဆုံး တစ်မိုင်ပတ်လည်အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် မေလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDM Siyin တပ်ဖွဲ့က သတိပေးထုတ်ပြန်လိုက်သည်။

စစ်ကောင်စီတပ်စွဲထားသော စခန်းအနီးတဝိုက်တွင်နေထိုင်ကြသော ပြည်သူများအနေဖြင့် မေလ ၉ ရက်နေ့မှ မေလ ၁၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီနောက်ဆုံးထား ပြောင်းရွှေ့ကြရန်နှင့် မပြောင်းရွှေ့သေးသောပြည်သူများ ထိခိုက်မှုတစ်စုံတစ်ခုရှိခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း CDM Siyin က ဆိုပါသည်။

CDM Siyin တာဝန်ရှိသူက “ကျွန်တော်တို့က ပြည်သူ့ဘက်တော်သားတွေဖြစ်တဲ့အတွက် ပြည်သူတွေ အများကြီး ထိခိုက်နစ်နာရမဲ့အရာကို လုံးဝမလိုလားဘူး၊ ဘေးကင်းလုံခြုံဖို့အတွက် ကျွန်တော်တို့ အမြဲတမ်းဦးစားပေးတယ်။” ဟု ပြောသည်။

ခိုင်ကမ်းမြို့ရဲစခန်းနှင့် ကလေးတက္ကသိုလ်မုခ်ဦးသည် ကလေး-တီးတိန်-ရိခေါဒါရ် လမ်းမပေါ်တွင်တည်ရှိပြီး ယင်းနေရာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းကစ၍ ကလေး-တီးတိန်-ရိခေါဒါရ် ပြေးဆွဲနေသော ခရီးသည်တင်ကားနှင့် ကုန်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည့်အပြင် ကားတစ်စီးလျှင်အနည်းဆုံး ကျပ်ငွေတစ်သိန်းကောက်ခံကာ ဖြတ်သန်းခွင့်ပြုလေ့ရှိသည်ဟု သိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here