စစ်ကောင်စီတပ်များအား မိုင်းဆွဲတိုက်ခိုက်မှုမှတ်တမ်း

0
383

၁၀ မေ ၂၀၂၃

BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုစတင်သော ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဧပြီလ ၁၈ ရက်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်သည် ခုခံ‌တော်လှန်ရေး အင်အားစုများ၏ မိုင်းဆွဲတိုက်ခိုက်မှုကို ရင်ဆိုင်ရသည်မှာ ရက်ပေါင်း ၃၀၅ ရက်အထိ ရှိခဲ့ပါသည်။ မိမိတို့အနေဖြင့် မိုင်းဆွဲတိုက်ခိုက်မှု အခြေအနေများကို ကောက်ယူမှတ်တမ်းပြုရာတွင် မြို့နယ်အလိုက် ရက်ဖြင့်သာ မှတ်တမ်းတင်ထားသည့်အတွက် အကြိမ်ရေအားဖြင့်မူ ယခုထက် ပိုမိုများပြားနိုင်ပါသည်။

မိုင်းဆွဲတိုက်ခိုက်မှုအခြေအနေများကို နှစ်အလိုက်၊ လအလိုက်နှိုင်းယှဉ်လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်အတွင်း ဒီဇင်ဘာလသည် စစ်ကောင်စီတပ်များအား မိုင်းဆွဲတိုက်ခိုက်မှုရက်ပေါင်း ၄၄ ရက်အထိရှိခဲ့ပြီး အများဆုံးလ ဖြစ်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် မေလသည် မိုင်းဆွဲတိုက်ခိုက်မှုရက်ပေါင်း ၃၄ ရက်ဖြင့် အများဆုံးလ ဖြစ်ခဲ့ပါသည်။ ထို့အပြင် ၂၀၂၃ ခုနှစ် အတွင်းတွင်မူ မတ်လသည် မိုင်းဆွဲတိုက်ခိုက်မှုရက်ပေါင်း ၃၇ ရက်ဖြင့် အများဆုံးလ ဖြစ်နေသည်ကို တွေ့ရပါသည်။ နှစ်အလိုက်တွင်မူ ၂၀၂၁ ခုနှစ်အတွင်း မိုင်းဆွဲတိုက်ခိုက်မှု ၇၅ ရက်၊ ၂၀၂၂ ခုနှစ် အတွင်း မိုင်းဆွဲတိုက်ခိုက်မှု ၁၆၂ ရက်၊ ၂၀၂၃ ခုနှစ် ဧပြီလ ၁၈ ရက်အတွင်း မိုင်းဆွဲတိုက်ခိုက်မှု ၆၈ ရက် အသီးသီး ရှိခဲ့ပါသည်။

အာဏာသိမ်းစစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဥ်များကို လေ့လာကြည့်ပါက အများဆုံး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်မှာ တောင်တန်း မြေပြန့်ဒေသအလိုက်၊ မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) များဖြစ်ပြီး ရက်ပေါင်း ၂၇၉ ရက်အထိရှိပြီး ရာခိုင်နူန်းအားဖြင့် ၉၁ ရာခိုင်နူန်းကျော် ရှိနေသည်ကို တွေ့ရပါသည်။ ထို့နောက်တွင်မှ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) မှ ၁၄ ရက်၊ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) မှ ၁၁ ရက်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) မှ ၁ ရက် အသီးသီး အာဏာသိမ်းစစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသည်။

တိုင်းနှင့်ပြည်နယ်အလိုက် နှိုင်းယှဉ်ကြည့်ပါက ပြည်သူ့ကာကွယ်ရေးတပ်များ၏ ထိန်းချုပ်နယ်မြေများရှိရာ စစ်ကိုင်းတိုင်းသည် မိုင်းဆွဲတိုက်ခိုက်မှုရက်ပေါင်း ၁၃၉ ရက်ဖြင့် အများဆုံးဖြစ်နေသည်ကို တွေ့ရပါသည်။ ထို့နောက်တွင်မှ မ‌ကွေးတိုင်းသည် မိုင်းဆွဲတိုက်ခိုက်မှုရက်ပေါင်း ၅၁ ရက်ဖြင့် ဒုတိယအများဆုံးဖြစ်ခဲ့ပြီး မန္တလေးတိုင်းသည် မိုင်းဆွဲတိုက်ခိုက်မှုရက်ပေါင်း ၃၀ ရက်ဖြင့် တတိယ အများဆုံး ဖြစ်ခဲ့ပါသည်။ နွေဦးတော်လှန်ရေးကာလတလျှောက် အာဏာသိမ်းစစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်မှုများ၏ ၇၃ ရာခိုင်နှုန်းကျော်သည် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးကဲ့သို့သော အညာဒေသတွင် တွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့် အညာတခွင်လုံးပြန့်ထွက်လာသော ခုခံတော်လှန်သော စစ်ရေးလှုပ်ရှားမှုများတွင် မိုင်းဆွဲတိုက်ခိုက်ရေးနည်းဗျူဟာ (ဝါ) မိုင်းစစ်ဆင်ရေးသည် အချက်အခြာကျသော စစ်ရေးဗျူဟာတစ်ရပ် ဖြစ်နေသည်ဟု ဆိုရပါမည်။

၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဧပြီလ ၁၈ ရက်အတွင်း မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား စုစုပေါင်း ၁၁၈၈ ဦး သေဆုံးခဲ့ပါသည်။

BNI – MPM

LEAVE A REPLY

Please enter your comment!
Please enter your name here