ကျောက်တော် ဝါးတောင်စစ်ဘေးရှောင်စခန်း နေအိမ်အဆောင်များ ဆောက်လုပ်ရန် အကူအညီလိုအပ်နေ

0
158

နေရာသစ်သို့ ပြောင်းရွှေ့ခဲ့ရသည့် ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အိမ်ထောင်စု ၆၀ ကျော်အတွက် နေအိမ်အဆောင်များဆောက်လုပ်ရန် အကူအညီများ အပူတပြင်း လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောဆိုသည်။

စစ်ဘေးရှောင်များမှာ ငွေကြေးတတ်နိုင်ကြသူများ မဟုတ်သဖြင့် နေအိမ်အဆောင်များ ဆောက်လုပ်ရန် မလွယ်ကူဖြစ်နေကြောင်း၊ လက်ရှိ အစိုးရအပါအဝင် နိုင်ငံတကာ အန်ဂျီအိုများ၊ ဒေသအတွင်းရှိ လူမှုကူညီရေးအဖွဲ့များမှလည်း အကူအညီများ မရရှိသဖြင့် အိမ်ဆောက်လုပ်ရန် အခက်ကြုံနေကြောင်း စခန်းတာဝန်ရှိသူတစ်ဦးကပြောသည်။

“ အသစ်မဝယ်နိုင်တော့ ယခင် အိမ်အဟောင်းက ဝါးတွေ၊ သစ်တွေကို သုံးထားရတယ်။ အများစု သစ်ဝါးတွေက ဟောင်းနွမ်း ဆွေးမြေ့နေပြီဆိုတော့ အိမ်အဆောင်တွေက ခိုင်ခန့်မှုမရှိဘူး။ အသစ်ဝယ်ဖို့အခက်အခဲတွေရှိနေတယ်။ ဘယ်အဖွဲ့အစည်းကမှလည်း ကူညီပေးတာမရှိသေးပါဘူး” ဟု ပြောသည်။

ယခင် နေအိမ်အဟောင်းများက ဖြိုဖျက်ယူလာသည့် ဝါး၊ သစ်အများစုမှာ သုံးမရသဖြင့် တောင်ပေါ်တက်ပြီး ဝါးခုတ်ရန် စီစဉ်နေကြကြောင်း၊ သို့သော် မြေမြုပ်မိုင်းများ အန္တရာယ်ရှိနေ၍ စိုးရိမ်ကြောင့်ကြမှု ဖြစ်နေရသည်ဟု ဆိုသည်။

မိုးရာသီလည်း မကြာမီလာတော့မည်ဖြစ်ရာ အဆောင်များ အချိန်မီ မပြီးစီးပါက များစွာအခက်အခဲကြုံတွေ့ရနိုင်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

လက်ရှိစခန်းနေရာအသစ်တွင် နေအိမ်အဆောင် ၄၃ ဆောင်ကို ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေပြီဖြစ်သော်လည်း အမိုးအကာများမှာ ခိုင်ခန့်မှု မရှိသဖြင့် ယခုရက်ပိုင်းအတွင်း တိုက်ခတ်နိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း ဝင်လာပါက ပြိုပျက်သွားနိုင်သဖြင့် စိုးရိမ်မှုရှိနေကြသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။

အဆိုပါဝါးတောင်စစ်ဘေးရှောင်စခန်း၏ မူလမြေနေရာဖြစ်သည့် ဝါးတောင်းကျေးရွာအနီး လယ်ကွင်းပြင် နေရာငှားရမ်းထားသည်မှာ သက်တမ်းပြည့်ပြီး မြေပိုင်ရှင်က ဆက်လက် ငှားရမ်းခြင်းမပြုတော့သဖြင့် နေရာသစ်သို့ ရွှေ့ပြောင်းလာခဲ့ရသည်ဟု သိရသည်။

ယင်းကြောင့် ယင်းအနီးအနားရှိ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းအနီး ပေ ၈၀၀ အကွာရှိ ၂ ဧကခန့်ရှိသည့် မြေကွက်လပ်ကို တစ်နှစ်လုံးစာ ငွေကျပ် ၂၄ သိန်းဖြင့် စစ်ဘေးရှောင်စခန်းနေသူများက ကိုယ်ထူကိုယ်ထ ငှားရမ်းကာ ပြောင်းရွေ့နေကြရခြင်းဖြစ်သည်။

စခန်းမြေနေရာငှားရမ်းရန်အတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ် သုံးသောင်းစီထည့်ကာ ငှားရမ်းထားရခြင်းဖြစ်ပြီး စခန်းမြေနေရာငှားရမ်းခငွေကို ဒုတိယအကြိမ်ပေးချေရန် အတွက်လည်း ငွေကြေးအခက်အခဲများရှိနေသည်ဟု ဆိုကြသည်။

အဆိုပါစခန်းတွင် နေထိုင်သူများမှာ မြိုနှင့် ခမီလူများဖြစ်ကြပြီး လူဦးရေ ၃၇၄ ဦးနှင့် အိမ်ထောင်စု ၅၆ ဦးရှိသည်။

သူတို့သည် ပြီးခဲ့သည့်နှစ်များက ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့စဉ်က ကျောက်တော်မြို့နယ် ခမောင်း၊ သိန်းချောင်း၊ တဲဝ၊ လေကွိ၊ ပညာကြီး၊ င/စရိုင်းကိုင်း၊ ချင်းမဝန်တောင်း၊ ကင်ဘိကျေးရွာတို့က ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်ကြသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here