စစ်ကောင်စီတပ် လက်နက်ကြီးကျည်စထိမှန်သဖြင့် ကျိုက်ထိုမြို့နယ်အတွင်း ကလေးငယ် (၂) ဦးအပါအဝင် ဒေသခံ (၄) ဦး ထိခိုက်ဒဏ်ရာရ

0
131

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်၊ သုံးခွကျေးရွာအုပ်စု ဝါးဒတ်ကွင်းရွာသို့ ယမန်နေ့ မေလ (၃) ရက်နေ့က သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ကလေးငယ် (၂) ဦးအပါအဝင် ဒေသခံ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

အဆိုပါနေ့ ညနေက စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၂၀၇) မှ အနီးအနားပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး (၁၀) လုံးကျော်အား သိမ်ဇရပ်အနီးရှိ ကျေးရွာများဘက်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူသတင်းအရင်းအမြစ်က ပြောသည်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးသည် ဝါးဒတ်ကွင်းကျေးရွာနေ ဦးရာဇာထွန်းအမည်ရှိ ဒေသခံတစ်ဦး၏ နေအိမ်သို့ကျရောက်ပေါက်ကွဲသဖြင့် ဦးရာဇာထွန်းနှင့်၎င်း၏မိသားစုဝင်များဖြစ်သော အသက် (၁၁) နှစ်နှင့် (၃) နှစ်အရွယ်ကလေးငယ် (၂) ဦး၊ အသက် (၃၁) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ၏သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။

၎င်းက “တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ အဲဒီနေ့ညနေ (၄) နာရီလောက်က စစ်တပ်ကပစ်တဲ့ ၈၁ မမ လက်နက်ကြီးကျည်တစ်လုံး ဦးရာဇာထွန်းအိမ်ခေါင်မိုးပေါ်ကျတာ သူတို့မိသားစု (၄) ယောက်ထိတယ်။ လူကြီးနှစ်ယောက်ကတော့ ခေါင်း၊ ရင်ဘတ်နဲ့ဝမ်းဗိုက် ဒဏ်ရာရတယ်။ ကလေးတွေက တစ်ယောက်က ညာခြေထောက် ဒဏ်ရာနဲ့တစ်ယောက်ကတော့ ကျောပြင် ပြတ်ရှဒဏ်ရာရပါတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့နောက် ယမန်နေ့ည (၇) နာရီခန့်တွင် မိသားစုဝင်(၄)လုံးအား မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်လိုက်ရကြောင်း ပဒိုစောအေးနိုင်က ဆက်ပြောသည်။

အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်စဥ်နှင့် နောက်ဆက်တွဲ ဒေသခံအခြေအနေများအား ကေအိုင်စီ-ကရင်သတင်းဌာနက အတည်ပြုတင်ပြနိုင်ရန် သက်ဆိုင်ရာနယ်မြေခံများသို့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ (၂၆) ရက်နေ့ကလည်း သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သုံးခွကျေးရွာအတွင်း သတင်းသုံးနေထိုင်သော ဘုန်းကြီးတစ်ပါး ဦးခေါင်းကျည်စထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။

ယခု ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီသည် ကေအဲန်ယူ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်း မြေပြင်မှစစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ ကျေးရွာများတွင် တပ်စွဲနေထိုင်၍ အရပ်သားပြည်သူများရှိရာဒေသများသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ ပိုမိုလုပ်ဆောင်လာသောကြောင့် ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်ခဲ့ရသလို သထုံခရိုင်အတွင်း စစ်ဘေးရှောင်ဦးရေ ၁ သိန်း ၂ သောင်းကျော်ရှိလာကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN က ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နန့်ဆန်းထီ (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here