တောင်ကြီးခရိုင်အတွင်းရှိ စစ်ဘေးရှောင်များ နိုင်ငံတကာထောက်ပံ့မှု လိုအပ်နေ

0
203

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များ နိုင်ငံတကာအဖွဲ့အစည်းမှ ထောက်ပံ့မှုများ ပိုမိုလိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ ကော်မတီထံမှ စုံစမ်းသိရှိရသည်။

သျှမ်း – ကယား နယ်စပ်တိုက်ပွဲကြောင့် ၂ နှစ်ကျော်ကြာ ကာလအတွင်း နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်ဦးရေ ၈ ထောင်ကျော်သည် ယခု (မေလ) မှစပြီး အလှူရှင်မှ ထောက်ပံ့ပေးသည့် စားနပ်ရိက္ခာ ပြတ်လပ်သွားသဖြင့် အကူအညီ လိုအပ်နေကြောင်း စစ်ရှောင်ကော်မတီများထံမှ သိရသည်။

အလားတူ စစ်ရှောင်စခန်းအချို့ရှိ ယာယီတဲများသည် ဝါး နှင့် ဆောက်လုပ်ထားသဖြင့် အချိန်ကြာလာသည့်နှင့်အမျှ မိုး၊ လေ၊ နေ ၏ ဒဏ်ကြောင့် ဆွေးပြီးပျက်စီးလာရာ ယာယီတဲ ပြန်လည်ဆောက်လုပ်ဖို့ရန် အတွက်လည်း အကူအညီ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ ဒေသခံ ကော်မတီတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လောလောဆယ် ကျနော်တို့ ဆီဆိုင်မှာတော့ စားနပ်ရိက္ခာက ဒီလကစပြီး မရတော့ဘူး။ အလှူရှင် မရှိတော့ဘူး။ ဒီလဆိုရင်တော့ ကုန်သွားကြပြီ။ နောက်တစ်ခုက တချို့ထွက်ပြေးလာတာ ကြာတော့ ဝါးလေးတွေ တဲဆောက်ပြီး နေတယ်။ အခုက အဲ့ဟာတွေက ဆွေးကုန်တာ၊ ပိုးထိုးကုန်တာ။ ဟိုတလော မိုးကြီးလေတိုက်တော့ တချို့ဟာလည်း လှန်ထွက်ကုန်တာရှိတယ်။ အိမ်သာကော များများလိုအပ်နေသေးတယ်“ ဟု ၎င်းက ပြောသည်။

အဆိုပါ အလှူရှင်မှ ထောက်ပံ့မှုများ ပြတ်လပ်သွားသောကြောင့် နိုင်ငံတကာအဖွဲ့အစည်းမှ အလှူရှင်များ၊ UNHCR နှင့် INGO ထောက်ပံ့မှုတွေ ပိုမိုလိုအပ်လာနေကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များသည် ယခင်ကတည်းက နိုင်ငံတကာအဖွဲ့အစည်းမှ ထောက်ပံ့မှုများကို ရရှိခဲ့သော်လည်း အခက်ခဲအမျိုးမျိုးကြောင့် မြေပြင်တွင် နိုင်ငံတကာမှ ထောက်ပံ့မှု ရောက်ရှိလာခြင်း အားနည်းနေသေးကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“နိုင်ငံတကာက ထောက်ပံ့မှုတွေကတော့ ရောက်ပါတယ်ဗျ။ ထိရောက်မှုက နည်းတယ်။ ဒေသခံတွေက ပေးတာများတယ်ဗျ။ နိုင်ငံတကာက ထောက်ပံ့မှုတွေ တာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေကျတော့ ဒီမှာမရှိဘူး။ သူတို့က အဝေးမှာနေတယ်။ အဲ့အဝေးကနေ လာရပြီး ပစ္စည်းဝေတယ်။ ပစ္စည်းဝေပြီး ပျောက်သွားတာ။ တကယ့် မြေပြင်မှာ ရောက်နေတာ အားနည်းနေသေးတယ်“ ဟု ၎င်းက ထပ်လောင်းပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆီဆိုင် – ဟိုပုံး ပြည်ထောင်စု ကားလမ်းမကြီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ယခင်ထက် ဂိတ်များ တိုးချဲ့ ဆောက်လုပ်ပြီး တင်းကြပ်စစ်ဆေးလာမှုကြောင့် လမ်းခရီးတွင် သွားလာရန် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် သျှမ်း – ကယား နယ်စပ်တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ ၆ ထောင်ဝန်းကျင်သည် လက်ရှိမှာ နိုင်ငံတကာမှ ထောက်ပံ့မှုတွေ မရရှိသေးကြောင်း စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်ကတော့ ဒီက ကော်မတီတွေနဲ့ အဆင်ပြေသလိုပဲ သွားနေကြသေးတယ်ဗျ။ လိုအပ်တာတော့ အများကြီး လိုအပ်သေးတာပေါ့နော်။ ခေါင်းစဉ်တပ်ရရင်လည်း ဆေးဝါးတွေက အများကြီးလိုအပ်နေသေးတယ် ။ ကျနော်တို့ နိုင်ငံတကာ အလှူရှင်တွေ ဆေးဝါးဘဲဖြစ်ဖြစ်၊ မိုးတွင်းရာသီရောက်တော့ ခြင်ထောင်တွေ၊ စောင်တွေ ကူညီပေးစေချင်တယ်“ ဟု ၎င်း စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံတစ်ဝှမ်းလုံးအတိုင်းတာအရ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ ၁ ဒသမ ၈ သန်းကျော်အထိ ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA မှ (ဧပြီလ ၁၉ ရက်) တွင် ထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here