ခင်ဦးမြို့နယ် မြင်းဒေါင်းရွာအနီး တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံး

0
181

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြင်းဒေါင်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၅ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

မြကန်ရွာဘက်က တက်လာတဲ့ စစ်ကောင်စီ တပ်ကို မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်နေစဉ် မူးတိမ်တံတားမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီ တပ် မြင်းဒေါင်းရွာအနီးသို့တက်လာစဉ် ၂ ဘက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးကာ ပြည်သူ ၅ ဦး ဖမ်းထားတယ်လို့ မြင်းဒေါင်းဒေသခံတစ်ဦးက ပြောပါတယ်။

“မြကန်ဘက်ကို စစ်ကြောင်းထိုးတော့ သူတို့ ၁၃ ယောက်က မြကန်ဘက်ကထွက်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ဖို့ မိုင်းဆင်နေတုန်းမှာ မြင်းဒေါင်းဘက်ကတက်လာတဲ့ စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး အပြန်အလှန်ပစ်ကြသေးတယ်။ ဒီဘက်က လက်နက်က ဘာရှိတာမှတ်လို့၊ ခေါက်ချိုးတွေပဲရှိတာကို ၅ ယောက်ကျတယ်၊ အဖမ်းခံလိုက်ရတာလည်းရှိတယ်” လို့ ပြောပါတယ်။

သေဆုံးသူတွေကတော့ ကိုတရုတ်ကြီး၊ ကိုနောင်၊ ကိုကျော်နိုင်၊ ကိုကျော်ကျော်၊ မိုးဟိန်းတို့ဖြစ်တယ်လို့လည်း သိရပါတယ်။

ရှမ်းနီအသံမှ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here