မြောက်ဦးရှိ စစ်ဘေးရှောင်မိသားစုအချို့ WFP စာရင်းထဲမှ ထုတ်ပယ်ခံရသဖြင့် အခက်အခဲကြုံနေ

0
186

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထောက်ပံ့ကြေး လာရောက်ပေးအပ်စဉ် စခန်းအတွင်းရှိမနေသည့်စစ်ဘေးရှောင်များကို ထောက်ပံ့ကြေး မပေးသည့်အပြင် ထောက်ပံ့ကြေးပေးသည့်စာရင်းထဲမှ ထုတ်ပယ်လိုက်သည့် အတွက် အခက်အခဲကြုံနေရသည်ဟု စစ်ဘေးရှောင်များက ပြောဆိုသည်။

ထိုသို့ အခက်အခဲကြုံနေရသည့် စစ်ဘေးရှောင်များမှာ မြောက်ဦးမြို့ရှိ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု ၈ဝ ကျော်နှင့် လက်ကောက်ဈေးစစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု ၃၅ စုတို့ ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းသို့ လာရောက်ထောက်ပံ့ကြေးပေးခဲ့သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ထိုထောက်ပံ့ကြေးပေးရာတွင် စခန်းတွင်းရှိ အိမ်မရှိဘဲ အခြားအိမ်များ၌ ကပ်ခိုနေသည့် စစ်ဘေးရှောင်များအပါအဝင် ပြင်ပသို့သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် စစ်ဘေးရှောင် စုစုပေါင်း အိမ်ထောင်စု ၈ဝ ကျော်ကို စခန်းတွင်းရှိမနေ၍ဟုဆိုကာ ထောက်ပံ့ကြေးမပေးခဲ့ဟု မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ဦးမောင်မောင်သိန်းက နိရဥ္စရာကိုပြောသည်။

“လူမရှိရင် ပယ်ထားခဲ့တယ်။ လူရှိတဲ့မိသားစုတွေမှာလည်း သဘောမှာ ၅ ယောက်ရှိရင် ၃ ယောက်လောက်ပဲရတယ်။ သူတို့က စခန်းမှာ လူမရှိရင်မပေးဘူးတဲ့။ အိမ်မရှိလို့ မရဘူးဆိုရင်ထားပါတော့။ အိမ်ရှိရဲ့သားနဲ့ ထောက်ပံ့ကြေးမရဘူးဆိုတော့ တရားများပါတယ်။ အကျိုးအကြောင်း ပြောပြလည်းမရပါဘူး” ဟု‌ ပြောသည်။

မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းသည် ၂၀၁၉ ခုနှစ်ကတည်းကပင် စတင်တည်ထောင်ခဲ့သည့် စခန်းတစ်ခုဖြစ်ပြီး မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝ၊ မီးလက်ဝ စသည့်မြို့နယ်များမှ ရွာပေါင်း ၁၀ ကျော်မှ လူဦးရေ ၈ဝဝ ခန့် နေထိုင်ကြပြီး အန်ဂျီအိုမှ ထောက်ပံ့သည့် ငွေကြေးဖြင့် စားဝတ်နေရေး အဆင်မပြေ၍ အများစု ဒုက္ခသည်များသည် ပြင်ပသို့ထွက်ပြီး အလုပ်လုပ်ကိုင်ကြရသည်ဟု သိရသည်။

“ဒီအဖွဲ့တွေက ထောက်ပံ့ကြေးနဲ့ မိသားစု စားဝတ်နေရေးအဆင်မပြေဘူး။ အပြင်ကိုထွက်ပြီး လုပ်ကိုင်စားသောက်ရပါတယ်။ အပြင်ထွက်ပြီး အလုပ် လုပ်တဲ့သူတွေ သူတို့လာတဲ့ အချိန် စခန်းမှာ ရှိမနေဘူးဆိုရင် WFPရဲ့ ထောက်ပံ့ငွေကို မရကြဘူး” ဟု ဦးမောင်မောင်သိန်းက ဆက်လက်ပြောဆိုသည်။

အလားတူ မြောက်ဦးမြို့ရှိ လက်ကောက်ဈေးစစ်ဘေးရှောင်စခန်းတွင်လည်း ပြီးခဲ့သည့် ဧပြီလ ၆ ရက်တွင် WFP က ထောက်ပံ့ကြေးပေးခဲ့ရာ ပြင်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေခဲ့သည့် အိမ်ထောင်စု ၃၅ စုကို စခန်းအတွင်း ရှိမနေခဲ့၍ဟုဆိုကာ ထောက်ပံ့ကြေးမရရှိသည့် အပြင် စာရင်းမှ ထုတ်ပယ်ခံခဲ့ရသည်ဟု စခန်းတာဝန်ရှိသူတစ်ဦးက နိရဥ္စရာကို ပြောသည်။

“ထောက်ပံ့ကြေးပေးဖို့လာလို့ လူမရှိရင်တောင် ဘာကြောင့်လဲ။ အကျိုးအကြောင်းမေးရမယ်လေ။ သူတို့ထင်မြင်ချက်နဲ့ လူတွေကို ထုတ်ပစ်လိုက်တယ်ဆိုတာ မကောင်းဘူးပေါ့။ တကယ့်တကယ် လူသားချင်း စာနာတဲ့အဖွဲ့အစည်းတွေဆိုရင် လူ့အခွင့်အရေး ချိုးဖောက်တဲ့အပြုအမူတွေကို မလုပ်ရဘူး။ သူတို့က ပြောပြလည်းမရဘူး” ဟုပြောသည်။

WFP အနေဖြင့်လည်း ထိုသို့ ရိက္ခာထောက်ပံ့ပေးရန် လာမည့်ရက်ကို ကြိုတင်၍ ဖုန်းဆက် အကြောင်းကြားခြင်းမျိုး မရှိဟုလည်း ၎င်းက ဆက်ပြောဆိုသည်။

စစ်ဘေးရှောင်တစ်ဦးဖြစ်သူ မသန်းသန်းနုက WFP က စခန်းသို့ ထောက်ပံ့ကြေးလာပေးသည့် အချိန်တွင် မိခင်၏ နာရေးအတွက် အလှူလုပ်ရန် ရွာသို့ရောက်ရှိနေခဲ့၍ တစ်စုံတစ်ရာ ရိက္ခာ ထောက်ပံ့ကြေးများ မရရှိခဲ့သည့်အပြင် စစ်ဘေးရှောင်စာရင်းမှ ပယ်ချခံရသည်ဟု နိရဥ္စရာကိုပြောသည်။

“အမေဆုံးသွားလို့ အလှူလုပ်ဖို့ ရွာကိုပြန်သွားတော့ သူတို့လာတဲ့အချိန် လူမရှိလို့ ဘာတစ်ခုမှ မရလိုက်ပါဘူး။ ပြီးရင် လူမရှိတဲ့ အိမ်ကို ပယ်တယ်ဆိုပြီးတော့ အိမ်မှာ နံပါတ်တွေရေးသွားပါတယ်။ အခက်အခဲကတော့ ချေးငှားလို့စားနေရတဲ့ အကြွေးတွေလည်း ရှိပါတယ်။ ရွာမှာ လုပ်ကိုင် စားသောက်လို့ မရတော့ ဒီကယ်ဆယ်ရေးတစ်ခုကို မှီလို့ စားသောက်နေကြတာပါ။ အပြင်မှာ အလုပ်လုပ်ပေမဲ့လည်း အလုပ်ကရှားတော့ မလုပ်ရတဲ့ နေ့တွေက များပါတယ်” ဟု ပြောသည်။

လက်ကောက်ဈေး စစ်ဘေးရှောင်စခန်းတွင် မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့မှ အုတ်ဖိုကန်၊ ပေါက်တောပြင်၊ ဝေသာလီ၊ ရွာဟောင်းတော၊ သရက်အုပ်နှင့် ပန်းမြောင်းစသည့် ကျေးရွာ ၆ ရွာမှ လူဦးရေ ၆၃၉ ဦး ခိုလှုံနေကြောင်း သိရသည်။

စစ်ဘေးရှောင်စခန်းအတွင်း စားနပ်ရိက္ခာမလုံလောက်၍ ပြင်ပရှိ စိုက်ခင်းများတွင် ဝင်ရောက်လုပ်ကိုင်နေသူ၊ ပြင်ပတွင် ကြုံရာကျပန်းအလုပ်လုပ်သူများနှင့် ကျောင်းတက်နေသူများကို WFP က ထောက်ပံ့ကြေးမပေးတော့ကြောင်း စခန်းရှိ စစ်ဘေးရှောင်များက ပြောဆိုကြသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က အကယ်၍ မိသားစုများအနေဖြင့် မှားယွင်းပြီး ချန်လှပ်ထားခံခဲ့ရသည့် အနေအထားမျိုးရှိခဲ့လျှင် WFPကို ဆက်သွယ်ပေးရန် ပြောကြားလိုသည်ဟု နိရဥ္စရာသတင်းဌာန၏မေးမြန်းချက်ကို အီးမေးလ်မှတဆင့် ဖြေကြားခဲ့သည်။

“စစ်ရှောင်စခန်းတွေမှာ အချိန်ပြည့်နေထိုင်ကြတဲ့ တိုက်ပွဲရှောင်မိသားစုတွေအနေနဲ့ WFP ရဲ့ အကူအညီတွေကို အသေအချာ ရရှိအောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ အကယ်၍ မိသားစုတွေအနေနဲ့ မှားယွင်းပြီးတော့ ချန်လှပ်ထားခံခဲ့ရတာမျိုးရှိတယ်ဆိုရင် ကျွန်တော်တို့ဆီကို ဆက်သွယ်ပေးဖို့ ပြောကြားလိုပါတယ်။”

၎င်းပြင် WFP အနေဖြင့် ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင် ကယ်ဆယ်ရေးအထောက်အပံ့၏ တစ်စိတ်တစ်ဒေသအဖြစ် အကျိုးခံစားခွင့်ရှိသူဦးရေကို စိစစ်လျက်ရှိနေကြောင်း ပြောဆိုသည်။

ယင်းသို့ စိစစ်ခြင်းမှာ စစ်ရှောင်စခန်းများတွင် အချိန်ပြည့်နေထိုင်နေသည့် တိုက်ပွဲရှောင်လူဦးရေ အရေအတွက်နှင့် သူတို့၏လိုအပ်ချက်များကို သိရအောင် စာရင်းပြုစုခြင်းဖြစ်သည်ဟု Mr. Stephen Anderson က ပြောဆိုသည်။

“ဒါမှလည်း ကျွန်တော်တို့အနေနဲ့ အကူအညီအထောက်အပံ့တွေကို ထိထိရောက်ရောက်နဲ့ သင့်တော်ကိုက်ညီတဲ့ ပုံစံမှုမျိုးနဲ့ ပံ့ပိုးပေးနိုင်မှာပဲ ဖြစ်ပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ ကယ်ဆယ်ရေးအထောက်အပံ့ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် အကျိုးခံစားခွင့်ရှိသူဦးရေကို စိစစ်လျက်ရှိနေပါတယ်” ဟု ပြောဆိုသည်။

မြောက်ဦးမြို့ရှိ စစ်ဘေးရှောင်စခန်း ၂ ခုသို့ WFP က မတ်လအတွက် စားနပ်ရိက္ခာကို ဧပြီလ အစောပိုင်းတွင် သွားရောက်ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းသို့ ထောက်ပံ့ခဲ့ရာတွင် လူတစ်ဦးစီကို ကျပ် ၂၁၀၀၀ အပြင်၊ ဆပ်ပြာတစ်တောင့်နှင့် ၅ နှစ်အောက်ကလေးတစ်ဦးစီကို အာဟာရမှုန့် ၂ ထုပ်စီ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ရခိုင် စစ်ဘေးရှောင်များသို့ စားနပ်ရိက္ခာထောက်ပံ့မှုများအား ရပ်တန့်ပြီး ၎င်းထောက်ပံ့မှုကို WFP က ဖေဖော်ဝါရီလမှစတင်ကာ တာဝန် လွှဲပြောင်းရယူ၍ ကူညီပေးနေခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် တကျော့ပြန်တိုက်ပွဲကာလအတွင်း ရခိုင်မှ စစ်ဘေးရှောင်စခန်းများအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ လူသားချင်းစာနာမှု ဆိုင်ရာကူညီထောက်ပံ့မှုများကို စစ်ကောင်စီက ခွင့်မပြုဘဲ ရပ်တန့်ထားခဲ့သည့်အတွက် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးနှင့် ကျန်းမာရေးအခက်အခဲများ ရင်ဆိုင်ခဲ့ကြရသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၂၆) ရက်က ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အလွတ်သဘော အပစ်ရပ်ပြီးနောက် ဒီဇင်ဘာလမှစတင်ကာ နိုင်ငံတကာအဖွဲ့အစည်းများ၏ လူသားချင်းဆိုင်ရာ အကူအညီများ ပြန်လည်ထောက်ပံ့ခွင့် ရရှိခဲ့သော်လည်း တချို့ စစ်ဘေးရှောင်များမှာ အထောက်အပံ့မရ၍ အခက်အခဲ့ကြုံနေရသည်ဟု သိရှိရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here