ထားဝယ်မြို့နယ် ပကာရီဒေသဘက်ကို စစ်ကောင်စီတပ်အင်အား ၂၀၀ နီးပါး စစ်ကြောင်းထိုးလာ

0
211

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာဘက်ကို စစ်ကောင်စီတပ်က တင်အင်အား ၂၀၀ နီးပါးနှင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတချို့ကို ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက သံလွင်တိုင်းမ်ကို ပြောသည်။

ဧပြီ ၁၉ ရက်နေ့ နံနက်ပိုင်းကစပြီး တပ်အင်အား ၂၀၀ နီးပါးရှိသည့် စစ်ကောင်စီစစ်ကြောင်းဟာ ထားဝယ်မြို့နယ် ဗျောတောဝဘက်ကနေ ပကာရီဘက်ကို ခြေလျင်နှင့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာ ဖြစ်ပါသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဟာ ပကာရီဒေသခံ ၅ ဦးကို ဖမ်းဆီးမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ပြီး နေ့လည်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ပကာရီဒေသခံအချို့မှာ ကြိုတင်ထွက်ပြေးတိမ်းရှောင်မှုတွေ လုပ်ဆောင်ခဲ့သော်လည်း အများစုကတော့ အခြေအနေကို စောင့်ကြည့်နေကြကြောင်း ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

ပကာရီဒေသထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေပြီး ဆက်တိုးလာပါက တိုက်ပွဲတွေ ပြင်းထန်လာနိုင်သည်ဟု ဒေသ PDF တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါသည်။

အဆိုပါအခြေအနေတွေကြောင့် ပြည်သူတွေအနေနှင့်လည်း ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို မဖြစ်မနေ လိုက်နာပေးကြရန်နှင့် ထွက်ပြေးတိမ်းရှောင်ရပါက အကူအညီတောင်းခံဖို့ ဒေသ PDF များက တိုက်တွန်းထားပါသည်။

ပြီးခဲ့သည့် ဧပြီ ၁၀ ရက်နေ့ကလည်း ပကာရီရဲစခန်းမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲအချိန် ၄ နာရီလောက် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိ ခိုက်သေဆုံးတာတွေလည်း ရှိခဲ့တာဖြစ်သည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here