အာဏာသိမ်းကာလ ကရင်ဒေသအတွင်း ထိခိုက်သေဆုံးခဲ့သော ကလေးသူငယ် (၄၀) ကျော်ရှိနေ

0
205

စစ်ကောင်စီမှအာဏာသိမ်းယူထားသည့် ကာလအတွင်း ပဋိပက္ခများကြောင့် ကရင်တိုင်းရင်းသားဒေသများတွင် ထိခိုက်သေဆုံးခဲ့ရသော ကလေးသူငယ်ဦးရေ (၄၀) ကျော်ရှိနေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ မှတ်တမ်းတင် ပြုစုထားသည့်စာရင်းများအရ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ကရင်တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့်သော်လည်းကောင်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်သော်လည်း ကောင်း ထိခိုက်သေဆုံးခဲ့ရသော ကလေးသူငယ်စာရင်းတွင် အသက် (၁၈) နှစ်အောက် ကလေး (၂၅) ဦး သေဆုံးခဲ့ပြီး (၁၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KHRG ပြောခွင့်ရ စောနန္ဒဆူးကပြောသည်။

၎င်းက “လတ်တလောအခြေအနေမှာ အထူးသဖြင့် ကေအဲန်ယူ တပ်မဟာ (၅)၊ တပ်မဟာ (၆) ပေါ့၊ အဲဒီဘက်တွေမှာလည်း တိုက်ပွဲတွေကဆက်လက်ဖြစ်ပွားနေတဲ့အတွက် ကျနော်တို့ Update တော့မရရှိသေးဘူးပေါ့။ ဆိုတော့ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်တဲ့စာရင်းတွေကတော့ လိုအပ်ချက် ရှိနေတုန်းပဲ။” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ သေဆုံးခဲ့သော ကလေးသူငယ် (၂၅) ဦးတွင် ပြီးခဲ့သည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသော မိခင်ဝမ်းထဲရှိကလေးသူငယ်များပါ ပါဝင်နေပြီး အသေးစိတ်စာရင်းများအား အချက်အလက်သေချာ ပြန်လည်စိစစ်ပြုစုရန် KHRG အနေဖြင့် စီစဥ်ထားကြောင်း စောနန္ဒဆူးက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်သောကြောင့် ကရင်တိုင်းရင်းသားဒေသများတွင် အရပ်သား (၅၀) ကျော်သေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး အယောက်တစ်ရာကျော်ရှိခဲ့ပြီး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (၆) သိန်းဝန်းကျင်ရှိလာကြောင်း ပြီးခဲ့သည့် ဧပြီလ (၁၂) ရက်နေ့ကလည်း KHRG မှ ထုတ်ပြန်ဖော်ပြထားသည်။

အလားတူ စစ်တပ်အာဏာသိမ်းယူသည့် ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်ထိ မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကြောင့် သေဆုံးခဲ့သော ကလေးသူငယ် (၃၉၆) ဦးရှိနေပြီး စစ်ကောင်စီ၏ ဖမ်းဆီးအကျဥ်းချခံထားရသော အသက် (၁၈) နှစ်အောက် ကလေးသူငယ်စုစုပေါင်း (၃၅၅) ဦးရှိနေကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ရှိ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ ဧပြီလ (၁၈) ရက်နေ့က စာရင်းဖော်ပြချက်အရ သိရသည်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here