ရေတာရှည်စစ်ဘေးရှောင်အများစု နယ်မြေမတည်ငြိမ်သေးသည့်အတွက် နေရပ်မပြန်နိုင်သေး

0
206

ပဲခူးတိုင်း တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်တကြောတွင် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေ၍ နေရပ်စွန့်ခွာထွက်ပြေးရသော စစ်ဘေးရှောင်များ နယ်မြေတည်ငြိမ်မှုမရှိသေး၍ နေရပ်ပြန်နေထိုင်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၁) ရက်နေ့မှစတင်ကာ (၇) ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်းများရှိခဲ့သလို လက်နက်ကြီးပစ်ခတ်မှုများကြောင့် အနီးအနားကျေးရွာများရှိ ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အများစုမှာ ယနေ့အထိ နေရပ်ပြန်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း ကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “စစ်ကောင်စီဘက်က တင့်ကားနဲ့ပါပစ်တာ။ (၅) ရက်နေ့ကဆို ရဟတ်ယာဥ်ပါသုံးပြီး လေကြောင်းပစ်ကူတယ်။ ဒီနေရာက နေပြည်တော်နဲ့နီးပြီး ခြိမ်းခြောက်နိုင်တဲ့နေရာဆိုတော့ အသေဖိနေတာ။ ဒေသခံတွေပြေးနေရတာ‌ တော်တော်လေးများတယ်။ ပြန်နေသူပြန်နေတယ်ဆိုပေမယ့် အများစုကတော့ထွက်ပြေးနေရတုန်းပဲ။” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ယမန်နေ့ (ဧပြီလ ၉ ရက်နေ့) အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်နေသော်လည်း ဒေသခံစစ်ဘေးရှောင်အများစုမှာ နေရပ်ပြန်နေထိုင်ရန် စိုးရိမ်ထိတ်လန့်နေဆဲဖြစ်ကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

အများအားဖြင့် စစ်ဘေးရှောင်ပြည်သူများသည် နီးစပ်ရာမြို့ပေါ်သို့ တိမ်းရှောင်ထွက်ပြေးနေရပြီး မြို့တွင်းရှိ ဘုန်းကြီးကျောင်းများ၊ အသိမိတ်ဆွေအိမ်များတွင် နေထိုင်နေရကြောင်း ဆွာမြို့ခံတစ်ဦးက ယခုလိုပြောသည်။

အဆိုပါမြိုခံက “တိုက်ပွဲဖြစ်တော့ အများစုကမြို့ပေါ်ပြေးလာကြတယ်။ တချို့ဆိုလည်း အသိအိမ်နောက်ဖေးတွေမှာ တင်းကုပ်ဆောက်နေကြတယ် ရေတာရှည်၊ဆွာ၊သာဂရ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတစ်ကြောလုံးပါ။ တချို့အိမ်တွေလည်း လက်နက်ကြီးထိတယ်။ လူနည်းစုက ရွာတွေမှာ ငြိမ်နေပြီဆိုပြီးပြန်နေကြတာတော့ရှိတယ်။ လယ်သမားတွေဆိုလည်း အိမ်ပြန်ပြီးစိတ်ဓာတ်တွေကျ၊ စပါးတွေမှည့်နေတုန်း ပြေးလာရတာ ကျွဲတွေနွားတွေက စားပစ်တော့ ရိတ်သိမ်းစရာမရှိတော့ဘူးလေ။” ဟု ၎င်းကပြောသည်။

အလားတူ ပြီးခဲ့သည့် မတ်လ (၁၇) ရက်နေ့ကလည်း ရေတာရှည်မြို့နယ်၊ ဆွာရွာမနှင့်ရွာသစ်ကျေးရွာသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဆွာမြို့အခြေစိုက်စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ကူတိုက်ခိုက်ခဲ့သောကြောင့် အနီးအနားကျေးရွာများရှိဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။

ထို့အပြင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ကေအဲန်ယူ တပ်မဟာ (၂) ထိန်းချူပ်နယ်မြေဖြစ်သော တောင်ငူခရိုင်တွင် စစ်ဘေးတိမ်းရှောင်ရသော ဒေသခံပြည်သူဦးရေမှာ သုံးသောင်းကျော်ရှိနေပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ စာရင်းပြုစုချက်နှင့်နှိုင်းယှဥ်ပါက ပိုမိုများပြားလာသော စစ်ဘေးရှောင်ဦးရေစာရင်းတွင် တောင်ငူခရိုင်သည်လည်းအပါအဝင်ဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ၏ ဖေဖော်ဝါရီလ (၂၇) ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။

နန့်ဆန်ထီ (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here